၂၀၀၈ ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ အများစုက ထောက်ခံမဲ ပေးခဲ့ကြပြီး လွှတ်တော်မှာ အတည်ပြုခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ အရေးကြီးအဆိုကို ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ကြရာမှာ ဆန္ဒမဲပေးခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၂၁ ဦးထဲက ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲ ပေးခဲ့ကြပြီး အများစုက ထောက်ခံတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။
အတည်ပြုလိုက်တဲ့ ပူးပေါင်းကော်မတီရဲ့ ဥက္ကဌကို လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က တာဝန်ယူရမှာဖြစ်ပြီး လွှတ်တော်ထဲက နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ် အရေအတွက်ကို အချိုးကျ ပါဝင်ခွင့်ပြုမှာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာပါတယ်။
ဒါပေမယ့် ဖွဲ့စည်းလိုက်တဲ့ ပူးပေါင်းကော်မတီမှာ အဖွဲ့ဝင် ဘယ်နှစ်ဦးပါမယ်၊ ဆွေးနွေးမှုတွေ ဘယ်တော့စလုပ်မယ်ဆိုတာတော့ လွှတ်တော်နာယကက တိတိပပ မပြောပါဘူး။
'ပူးပေါင်းကော်မတီထဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ကိုယ်စားလှယ်ဦးရေ တူညီမျှတစွာ သင့်တော်တဲ့ အရေအတွက်နဲ့ ဖွဲ့စည်းပါ့မယ်၊ အဲ့ဒီကိုယ်စားပြုတာဝန်ခံတွေဟာ ကော်မတီရဲ့ တာဝန်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် သက်တမ်းတွေကို အစည်းအဝေးမှာ ဆုံးဖြတ် သတ်မှတ်သွားပါ့မယ်' ဆိုပြီးတော့ လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကလည်း 'ဒီအဆိုဟာ လွှတ်တော်ကို တိုက်တွန်းတာကြောင့် လွှတ်တော်ကပဲ ဆောင်ရွက်နိုင်ပါတယ်၊ ဒါ့ကြောင့် အားလုံးပူးပေါင်းပါဝင်ပြီး သဘောတူညီမှုရရှိတဲ့ ဥပဒေကြမ်းတစ်ရပ်ဖြစ်လာတဲ့အထိ အဆင့်ဆင့်ဆောင်ရွက်နိုင်ဖို့ တင်သွင်းလာတာဖြစ်တယ်' ဆိုပြီးတော့လည်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မှတ်ချက်ပြုပြောခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်က NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီလ ၂၉ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ရှမ်းနဲ့ ရခိုင် တိုင်းရင်းသားပါတီကြီးတွေက လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ဆွေးနွေးခဲ့ကြပြီး အများစုက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
ကြံ့ခိုင်ရေးပါတီအမတ်တွေက ကန့်ကွက်ခဲ့ကြပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဝင်ရောက်ဆွေးနွေးခဲ့တာ မရှိခဲ့ပါဘူး။








