မြန်မာနိုင်ငံ က တရုတ် ရင်းနှီးမြှုပ်နှံမှု ဆိပ်ကမ်း တွေက ဘယ်သူတွေကို အကျိုး ရှိစေမလဲ။

တောင်အာရှ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပြင် ဥရောပ အထိ ဈေးကွက် ချဲ့ထွင် နိုင်ဖို့ အတွက် တရုတ် နိုင်ငံနဲ့ ထိုင်း နိုင်ငံတို့ဟာ ကြိုးပမ်း လာကြပါတယ်။

မဲခေါင်ဒေသတွေ ဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း နိုင်ငံတွေမှာ အပြန်အလှန် ကူးလူး ဆက်ဆံ နိုင်တဲ့ ဆိပ်ကမ်းတွေ၊ ရထားလမ်းတွေ၊ အမြန် လမ်းမကြီးတွေ ဖောက်ခြင်း အားဖြင့် ဈေးကွက် ကို အလျင်အမြန် ချိတ်ဆက် နိုင်မယ်ဆိုပြီး ဆန်းစစ် လေ့လာ ချက်တွေမှာ ဖော် ပြ ခဲ့ပါတယ်။

ဒီလို ဥရောပ နဲ့ အဲဒီကနေမှ တဆင့် အာဖရိက နိုင်ငံတွေ အထိ ဈေးကွက် ချဲ့ထွင် နိုင်ဖို့၊ ဈေးကွက် အတွင်း ကုန်ပစ္စည်းတွေ အလျင် အမြန် ရောက် ရှိနိုင်ဖို့ အတွက် တရုတ် သမ္မတ ရှီကျင်းပင် က မနေမနား အားထုတ် ကြိုးပမ်း နေတာပါ။

ဒါက တရုတ် နိုင်ငံရဲ့ ရပ်ဝန်း တခု လမ်းတကြောင်း One Belt One Road စီမံကိန်း ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ တရုတ် တို့ ရဲ့ မဟာဗျူဟာ မြောက် ရည်မှန်းချက် ဖြစ်ပါတယ်။

ဒီ ရပ်ဝန်း တခု လမ်းတကြောင်း စီမံကိန်း ထဲမှာ မြန်မာ နိုင်ငံမှာ ရေနက် ဆိပ်ကမ်း တွေ တည်ဆောက်ပြီး ရထားလမ်းတွေ ဖောက်လုပ်ကာ တရုတ် ရဲ့ ကုန်းတွင်းပိုင်း ဒေသ တွေ နဲ့ ချိတ်ဆက် နိုင်ဖို့ မျှော်မှန်း ထားတာပါ။

အဲဒီ လမ်းကြောင်း ကနေ တဆင့် တရုတ် ပြည်တွင်း ကနေပြီး အရှေ့တောင် အာရှ နိုင်ငံတွေ၊ တောင်အာရှ နိုင်ငံတွေ ပြီးတော့ အရှေ့အလယ်ပိုင်း ဒေသ နဲ့ ဥရောပ နိုင်ငံတွေ အထိ ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဆိပ်ကမ်း ခြောက်ခု လောက် တည်ဆောက် ရင်းနှီးမြှုပ်နှံဖို့ တရုတ် အနေနဲ့ ရည်ရွယ် ထားပြီး အဲဒီ အထဲမှာ ရေနက် ဆိပ်ကမ်း စီမံကိန်း တွေလည်း ပါဝင်ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ကလည်း ဒီစီမံကိန်းတွေကို အကောင် အထည် ဖော်ဖို့ ဆန္ဒ ရှိပါတယ်။ ဒီစီမံကိန်းတွေက တဆင့် တိုင်းပြည်ရဲ့ စီးပွားရေး ကို ဆွဲတင် နိုင်မယ်လို့လည်း မျှော်မှန်း ထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက NLD အစိုးရ နဲ့ တရုတ် အစိုးရ တို့ အကြားမှာ ဒီမဟာဗျူဟာမြောက် စီမံကိန်းတွေ ဖြစ်တဲ့ ဆိပ်ကမ်း စီမံကိန်း၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်း တွေကို အကောင်အထည် ဖော်ဖို့ သဘောတူညီ ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံအတွက် ဒီဆိပ်ကမ်းတွေ တည်ဆောက်ခြင်းဟာ အရေးပါပါတယ်။ ဆိပ်ကမ်းတွေ နဲ့ ချိတ်ဆက် ထားတဲ့ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း တွေကြောင့် နိုင်ငံအတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး တိုးတက် ဖြစ်ထွန်း စေမှာ ပါ။

တရုတ် နိုင်ငံ အတွက်လည်း အဓိက ကျတဲ့ စီမံကိန်းတွေပါ။ အဲဒီ လမ်းကြောင်း တွေ အသုံးပြုပြီး နိုင်ငံ မြောက်ပိုင်းက ထုတ်ကုန် တွေကို ထိုင်းနိုင်ငံ ကနေတဆင့် အနောက်ဘက် ကမ္ဘာ ကို တင်ပို့ နိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး အိန္ဒိယ နိုင်ငံ ရဲ့ တွန့်ဆုတ် နေမှုကြောင့် ရပ်တန့် နေရတဲ့ BICM ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နဲ့ မြန်မာ နိုင်ငံ တို့ ဆက်သွယ်မယ့် ကုန်းတွင်း လမ်းကြောင်းကို အစားထိုး နိုင်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် အတွက် ဒီလမ်းကြောင်းတွေဟာ အရှေ့တောင် အာရှ ဒေသမှာ စစ်ရေးအရ အားသာမှု ဖြစ်စေ နိုင်တယ် ဆိုတဲ့ ခန့်မှန်း သုံးသပ်ချက် တွေလည်း ရှိပါတယ်။

ဒီစီမံကိန်းတွေက မြန်မာ နိုင်ငံ နဲ့ တရုတ် နိုင်ငံ တို့ရဲ့ အပြန်အလှန် ဆက်ဆံ မှု ကို တိုးတက် စေမှာ ဖြစ်တယ်လို့ တရုတ် အရေး လေ့လာ သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

တရုတ် က မြန်မာ နိုင်ငံအပေါ်မှာ ထားတဲ့ သဘောထား ကလည်း အရှေ့ တောင် အာရှ နိုင်ငံများ ကို ဆက်သွယ်ရေး မှာ အဓိက ကျတဲ့ လမ်းကြောင်း မှာ တည်ရှိနေတဲ့ နိုင်ငံ အဖြစ် ရှုမြင်ပါတယ်။

ဒါကြောင့် မြန်မာ နဲ့ ဆက်ဆံရေး ကို အထူးအလေးထား သလို မြန်မာ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေရတာ ဖြစ်ကြောင်း ဒေါက်တာ လှကျော်ဇော က သုံးသပ်ပါတယ်။

မြန်မာ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းမှု ရှိမှ တရုတ် နိုင်ငံ ရဲ့ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းတွေကနေ အကျိုးစီးပွား ဖြစ်ထွန်း မှာမို့ ငြိမ်းချမ်းရေး လို ကိစ္စ တွေမှာ ပါဝင် နေရတာ ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိပါတယ်။

အနောက်ကမ္ဘာ နဲ့ ချိတ်ဆက်မယ့် ခေတ်သစ် ပိုးလမ်းမ One Belt One Road စီမံကိန်း မှာလည်း မြန်မာ နိုင်ငံဟာ မဟာ ဗျူဟာမြောက် ဒေသ ဖြစ်တယ် ဆိုပြီး အနောက် နိုင်ငံတွေက ထောက်ပြပါတယ်။

ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်း က အခြေခံ အဆောက်အဦတွေ တည်ဆောက် ရုံသက်သက်ပဲ မဟုတ်ပါဘူး။ ဒီလမ်းပန်းဆက်သွယ်ရေး ကောင်းမွန် မှု ကနေ ဖြစ်ပေါ်လာမယ့် စီးပွားရေး တိုးတက်လာမှု အကျိုးဆက် ကိုပါ တရုတ်က မျှော်ကြည့် နေတာပါ။

အရှေ့တောင် အာရှ နိုင်ငံ တွေနဲ့ တောင်အာရှ နိုင်ငံတွေကို ဆက်သွယ် လိုက်နိုင်ရင် ကမ္ဘာ့ လူဦးရေ ရဲ့ ၆၅ ရာခိုင်နှုန်း ဖြစ်တဲ့ သန်း ၆ဝဝ ရှိတဲ့ ဈေးကွက် ကို လွှမ်းမိုး နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီလို ဖြစ်နိုင်ဖို့ က တရုတ် ကုန်းတွင်း ပိုင်း နဲ့ ချိတ်ဆက်ဖို့ မြန်မာ နိုင်ငံရဲ့ ဆိပ်ကမ်းတွေ နဲ့ ကုန်းလမ်းမကြီးတွေ က မဟာဗျူဟာမြောက် အရေးပါ နေပါတယ်။

အခုနောက်ဆုံးမှာ မြန်မာ နိုင်ငံအနေနဲ့ အဓိက ကျတဲ့ ဆိပ်ကမ်း ကြီး နှစ်ခု ဖြစ်တဲ့ ထားဝယ် ဆိပ်ကမ်း နဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း တွေကို တည်ဆောက် နေပါတယ်။

ဒီ ဆိပ်ကမ်း နှစ်ခု ဟာ မြန်မာ နိုင်ငံ နဲ့ တရုတ် နိုင်ငံ အပြင် ဥရောပ၊ အာဖရိက နိုင်ငံတွေ အထိကို ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။ ဒီ ဆိပ်ကမ်းတွေ ဟာ တရုတ် နိုင်ငံ တောင်ပိုင်း က ကူမင်း မြို့ အထိ ကို ချိတ်ဆက် သွားလာ နိုင်မှာ လည်း ဖြစ်ပါတယ်။

ဒါက မြန်မာနဲ့ တရုတ် နိုင်ငံ အကြား က စီးပွားရေး စင်္ကြံ CMEC စီမံကိန်း ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ် ပြင်ဟာ တရုတ် အတွက် အနောက်ကမ္ဘာ နဲ့ ချိတ်ဆက် နိုင်မယ့် လမ်းကြောင်းပါ။ အခုတော့ အဲဒီ ဆိပ်ကမ်း တွေ တည်ဆောက်ပြီးစီးဖို့ အချိန် ပိုင်း လောက်သာ လိုပါတော့တယ်။

အဆိုပါ ဆိပ်ကမ်းတွေ ဟာ မြန်မာ နိုင်ငံရဲ့ ဆိပ်ကမ်း မြို့တွေ ဖြစ်တဲ့ ပုသိမ်၊ ရန်ကုန် နဲ့ မော်လမြိုင် မြို့တွေကိုလည်း ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။

ဒီဆိပ်ကမ်း မြို့တွေကို ရေကြောင်း ကနေ ချိတ်ဆက် နိုင်ခြင်း အားဖြင့် မြန်မာ နိုင်ငံရဲ့ အနောက်ပိုင်း က ကုန်စည် တွေကို နိုင်ငံ အလယ်ပိုင်း နဲ့ အရှေ့ပိုင်း ကို ပို့ဆောင် နိုင်မယ့် ကုန်စည် ပို့ဆောင်ရေး ကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီလို ရေကြောင်း ပို့ဆောင်ရေး ကို ချိတ်ဆက် နိုင်မယ့် အစီအစဉ် မှာ အဓိက ကျတဲ့ ဆိပ်ကမ်း သုံးခု ရှိပါတယ်။ တခု က ရန်ကုန် သီလဝါ ဆိပ်ကမ်းပါ။ နောက်တခု ကတော့ လက်ရှိမှာ ထိုင်း နဲ့ မြန်မာ နိုင်ငံတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နေတဲ့ ထားဝယ် အထူး စီးပွားရေး ဇုန် စီမံကိန်း ပဲ ဖြစ်ပါတယ်။

နောက်တခု ကတော့ တရုတ် နိုင်ငံက အကောင်အထည် ဖော် နေတဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းပါ။ ထားဝယ် စီမံကိန်း ကို အီတာလျံ ထိုင်း ဖွံ့ဖြိုးရေး(ITD) ကုမ္ပဏီက အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။

ITD ကုမ္ပဏီ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်း က ထားဝယ် အထူး စီးပွားရေး ဇုန် ကို အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ တိုးတက် ဖြစ်ထွန်းမှု အနည်းငယ်ပဲ ရှိတဲ့ အတွက် တခြား ကုမ္ပဏီကို အစား ထိုး မယ် ဆိုပြီးတော့ စီးပွားကူးသန်း ဒုတိယ ဝန်ကြီး က နေပြည်တော်မှာ ပြောခဲ့ ဖူးပါတယ်။

ဒါပေမယ့် တခြား ကုမ္ပဏီ တခု ကို စီမံကိန်း ကို လွှဲပြောင်းပေးမယ် ဆိုရင် ဘဏ္ဍာရေး ဆိုင်ရာ ပြဿနာ များ ပေါ်ပေါက် လာနိုင်တယ်ဆိုပြီးတော့လည်း မြန်မာ့ စီးပွားရေးဇုန်များ ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးအောင်စိုး က ပြောပါတယ်။

နောက်ပြီး ထားဝယ် စီးပွားရေး ဇုန် နဲ့ နယ်စပ် မြို့ ထီးခီး ကို ဆက်သွယ် မယ့် ၂ လမ်းသွား အမြန်လမ်းဖောက်လုပ်မှု ကိုလည်း ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီစီမံကိန်း အတွက် ထိုင်း နိုင်ငံ က ဘတ်ငွေ ၄.၅ ဘီလီယံ ထုတ်ချေးမှာ ဖြစ်ပြီး ပြည်သူ့ လွှတ်တော်မှာလည်း အတည်ပြု ခဲ့ပြီးပါပြီ။

ဒါပေမယ့် ထားဝယ် အထူး စီးပွားရေး ဇုန် ဆောက်လုပ် မှု လုပ်ငန်း အကောင် အထည် ဖော်ဖို့ တရုတ် ဘက်လည်း အလို ရှိနေတာပါ။ ဒီ လမ်းကြောင်း က တရုတ် မြန်မာ စီးပွားရေး စင်္ကြံ နဲ့ ထိုင်း နိုင်ငံ က ကန်ချနာဘူရီ လမ်းကြောင်း ကို ဆက်သွယ် နိုင်မှာ ပါ။ ဒီလမ်း ကြောင်း က ထိုင်း နိုင်ငံ ကို ကုန်ပစ္စည်း တိုက်ရိုက် ပို့လိုတဲ့ တရုတ် အတွက် အကျိုးများ စေ နိုင်ပါတယ်။

ဧရာဝတီ တိုင်းဟာ မြန်မာ နိုင်ငံ အတွက် ဆန်စပါး စားနပ် ရိက္ခာ ထုတ်လုပ် ပေးရာ တိုင်း ဒေသကြီး ဖြစ်ပါတယ်။ အကယ်၍ တရုတ် အနေနဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေ ဆောက်လုပ်လာမယ် ဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာနိုင်ပြီး စိုက်ပျိုးရေး လုပ်ငန်း ကိုပါ ထိခိုက် နိုင်တဲ့ အတွက် ဆန့်ကျင် ကန့်ကွက်မှုတွေ နဲ့ ကြုံ ရနိုင်ပါတယ်။

ဒီ အစား မော်လမြိုင် ဆိပ်ကမ်း ကိုသာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ တရုတ် အနေနဲ့ ပိုမို ကြိုးစားလာပါတယ်။ အဲဒီ ဒေသမှာ တရုတ် ရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ အင်နဲ့ အားနဲ့ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ ရေကြောင်း ပို့ဆောင်ရေး ကနေ တစ်နှစ် တန်ချိန် သန်း ၅၀၀ လောက် ပို့ဆောင်နိုင်ဖို့ မျှော်မှန်း နေသလို ဥရောပ အထိ တိုက်ရိုက် ရောက် နိုင်မယ့် ရထားလမ်း ပို့ဆောင်ရေး ကနေလည်း ၁.၁ ဘီလီယံ တန်ချိန် အထိ မျှော်မှန်း လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အတွက် တရုတ် နဲ့ သဘောတူညီ ထားတဲ့ အပြင် ထားဝယ် ဆိပ်ကမ်း ကိုလည်း တရုတ် က အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ အလိုရှိတာပါ။ တပြိုင်နက် ထဲမှာပဲ မော်လမြိုင် ဆိပ်ကမ်း ကိုလည်း မျက်စိ ကျနေပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ မန္တလေး ကို ဖြတ်သွားမယ့် မော်လမြိုင် ကနေ ကူမင်း အထိ ပေါက်မယ့် လမ်းဖောက် လုပ်ဖို့လည်း အဆိုပြုခဲ့ဖူးပါတယ်။ အဲဒီ လမ်း ဟာ ကူမင်း -မန္တလေး- ရန်ကုန် လမ်း နဲ့ အပြိုင် ဖြစ်ဖို့ ရှိပါတယ်။

တရုတ် နဲ့ မြန်မာ ကြားမှာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း အတွက် သဘောတူ လက်မှတ်ရေး ထိုးပြီးတဲ့ နောက်မှာ ၂ နိုင်ငံကြား က စီးပွားရေး စင်္ကြံ တည်ဆောက်ဖို့ အလျင်အမြန် ကြိုးစားနေပါတယ်။

လွန်ခဲ့တဲ့ လပိုင်းတုန်း က တရုတ် နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်တဲ့ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင် က ဒုတိယ ဥက္ကဋ္ဌ နင်ဂျီကျီ ဟာ နေပြည်တော် ကို လာရောက် ခဲ့ပြီး တရုတ် မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရေး အတွက် ဆွေးနွေးမှု တွေ လုပ်ခဲ့ပါတယ်။

တရုတ် အနေနဲ့ ဒေသဆိုင်ရာ အစိုးရတွေ၊ ဒေသ ခံတွေ နဲ့ သဘော တူညီနိုင်ဖို့၊ အဲဒီ ကိစ္စ တွေ အပြင် မြေယာ အငြင်းပွားမှု တွေကိုပါ ရှောင်လွှဲ နိုင်ဖို့ ကိုပါ ကြိုးစား ဆောင်ရွက် နေတယ်လို့ လေ့လာသူတွေ က ပြောပါတယ်။

ဒါပေမယ့် တရုတ် နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း တွေဟာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှု အပိုင်းတွေမှာ တော့ အားနည်းလျက် ရှိနေတုန်းပဲ ဆိုပြီး MATA သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ကိုရဲသိန်းဦး က ပြောပါတယ်။

ရခိုင်ပြည်နယ် ကနေပြီး တရုတ် နိုင်ငံ ကို သွယ်တန်းထားတဲ့ ရေနံ ပိုက်လိုင်းတွေ၊ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေကြောင့် ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုတွေ ရှိခဲ့တာတွေက သက်သေပဲလို့ သူက ပြောဆိုပါတယ်။

တရုတ် နိုင်ငံရဲ့ ရပ်ဝန်း တခု လမ်းတကြောင်း စီမံကိန်း အကောင်အထည် ဖော်ဖို့ မြန်မာ အနောက်ဘက် ကမ်းလွန် ပင်လယ် ပြင်တွေဟာ အဓိက ကျတဲ့ ဒေသ ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ် ဧပြီလ တုန်း က ဒီစီမံကိန်း တွေကို အကောင်အထည်ဖော်ဖို့ ကြေညာ ခဲ့တဲ့ တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ညီလာခံ ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။

အဲဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ် ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း တွေကို အကောင် အထည် ဖော်ဖို့ သဘောတူညီခဲ့ကြောင်း လေ့လာသူတွေက သုံးသပ် ကြပါတယ်။ အဲဒီ အစီအစဉ်တွေ ထဲမှာ အငြင်းပွား ဖွယ် ဖြစ်နေတဲ့ မြစ်ဆုံ စီမံကိန်း ကိစ္စလည်း ပါဝင် နိုင်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံမှာ မြစ်ဆုံ ဆည် အရွယ်အစား ကို သေးပစ်တာ၊ ဒါမှမဟုတ် နေရာ ရွှေ့ပြောင်းတည်ဆောက် တာ မျိုး လုပ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်း က ပြောဆို ခဲ့ပါတယ်။

မြန်မာ တရုတ် စီးပွားရေး စင်္ကြံ တည်ဆောက်ဖို့ အာသီသ ပြင်းပြ နေတဲ့ တရုတ် အနေနဲ့ မြန်မာ နိုင်ငံ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင် လာတာကို တွေ့မြင်နိုင် ပါတယ်။

တရုတ် ရဲ့ အထူး ကိုယ်စားလှယ် ဆုန်ကော့ရှန် ဟာ မြောက်ပိုင်း က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA၊ ဝ တပ်ဖွဲ့ အပြင် လက်ရှိ ရခိုင် ပြည်နယ် မှာ တပ်မတော် နဲ့ စစ်ဖြစ်ပွား နေတဲ့ အေအေ ရက္ခိုင့် တပ်မတော် နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ တုန်းက မြန်မာ့ တပ်မတော်ဟာ ငြိမ်းချမ်းရေး အတွက် လေးလ ကြာ ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်း ထားမယ် လို့ ကြေညာခဲ့ရတာ ဟာ တရုတ်ရဲ့ ကြားဝင် ဆွေးနွေးမှုတွေကြောင့် ဖြစ်တယ်လို့ လေ့လာသူ တွေက ပြောပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံက စစ်ပွဲတွေ နဲ့ မတည်ငြိမ်မှုတွေ ရပ်တန့် နိုင်ဖို့ က အချိန်ယူလုပ်ဆောင်ရဦးမယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အထူး သဖြင့် နယ်စပ် ဒေသ တွေမှာ တည်ငြိမ်မှု ရရှိဖို့ အတွက်က ပိုမို အချိန် ယူရ နိုင်ပါတယ်။ ဒါတွေက ရပ်ဝန်း တခု လမ်းတကြောင်း စီမံကိန်း အတွက် အဓိက စိန်ခေါ် မှုတွေ ဖြစ်ပါတယ်။

ရခိုင် ကျောက်ဖြူ ဆိမ်ကမ်း တည်ဆောက်မယ့် တရုတ် အနေနဲ့ ရခိုင် ဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေတာ က လည်း ခေါင်းခဲမှု တွေ ဖြစ်လို့ နေပြန်ပါတယ်။

နောက်ပြီး ကမ္ဘာပေါ်က သဘာဝ ရေနက် ဆိပ်ကမ်း တခု ဖြစ်တဲ့ ကျောက်ဖြူဟာ မီတာ ၈၀ အထိ ရေနက်ပြီး တရုတ် နိုင်ငံ အနေနဲ့ မီတာ ၁၀၀ အထိ တိုးချဲ့ တည်ဆောက် လိုတာပါ။

ဒီလို တိုးချဲ့ လိုတဲ့ ရည်ရွယ်ချက် က ရေငုပ် သင်္ဘောတွေ လောင်စာဆီဖြည့်တင်း လိုတဲ့ အတွက်ကြောင့် ဖြစ်တယ် ဆိုပြီးတော့လည်း အနောက် နိုင်ငံက စစ်ရေး လေ့လာသူတွေက သုံးသပ် နေကြပါတယ်။