ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တော်က အိမ်ရှင်ဇနီးမောင်နှံနဲ့ စစ်ရှောင် ၂၄ ယောက်ကို မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်
ရခိုင်ပြည်နယ် ကျောက်တော်မြို့က အိမ်ရှင် ဇနီးမောင်နှံနဲ့ အတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေး ရှောင်လာတဲ့ အမျိုးသား ၂၄ ယောက်ကို အမှတ် ၃၇၅ တပ်ရင်းက အရာရှိ တစ်ယောက်က တရားလို လုပ်ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)(၂) နဲ့ အမှုဖွင့် ထားပါတယ်။
ပလက်ဝမြို့နယ် ရှင်းလက်၀ ကျေးရွာသား စစ်ဘေးရှောင် ၂၄ ယောက်နဲ့ အတူ အိမ်ရှင်ဇနီးမောင်နှံဖြစ်တဲ့ ကုန်သည် ဦးသိန်းစိုးနဲ့ ဒေါ်လှလှရီတို့ကို ကျောက်တော် ရဲစခန်းက ရဲတွေက သူတိုရဲ့နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ အဲဒီဇနီးမောင်နှံရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက် ည ၁၂ နာရီ ၁၀ မိနစ် လောက်မှာ အရပ်ဝတ်နဲ့ ရဲတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေက ကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးက ပြောပါတယ်။
ဒီကနေ့ မနက်မှာတော့ သူတို့တွေကို ကျောက်တော်မြို့နယ် တရားရုံးမှာ ရမန်ယူပြီး စစ်တွေကို ခေါ်ယူသွားတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပါတယ်။
"တရားသူကြီးကို သွားမေးတယ်။ မနက် ၉ နာရီ လောက်မှာ ရမန်ယူပြီး စစ်တွေကို ခေါ်သွားတယ် ပြောတယ်။ ၂၆ ယောက်မှာ ၂၅ ယောက်ကို ခေါ်သွားပါတယ်။ ၁ ယောက်ကိုတော့ ဘယ်မှာ ထားခဲ့မှန်း မသိရဘူး" လို့ ဦးမောင်မောင်က ဆိုပါတယ်။
သူတို့တွေဟာ အရင်ကလည်း နှမ်းတွေ၊ ငရုတ်သီးတွေ ကျောက်တော်မြို့ကို လာရောက်ရောင်းချ နေကြသူတွေ ဖြစ်ပြီး အဲဒီအိမ်မှာ တည်းခိုလေ့ ရှိတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။
အခုတစ်ကြိမ်ကတော့ သူတို့တွေဟာ တိုက်ပွဲတွေ ဖြစ်နေလို့ လာရောက် တိမ်းရှောင်ကြတာလို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲမှူးတစ်ဦးက အဲဒီ လူ ၂၅ ယောက်ကို စစ်ဆေးဖို့ စစ်တွေမြို့ မြို့မရဲစခန်းမှာ ခေါ်ယူထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသအတွင်းက ကျေးရွာတွေမှာ အရွယ်ရောက် အမျိုးသားတွေဟာ တပ်မတော် စစ်ကြောင်းတွေ ရွာထဲဝင်လာရင် စစ်ဆေး မေးမြန်းခံရမှာကို စိုးရိမ်ပြီး ရွာကနေ တိမ်းရှောင် ထွက်ပြေးမှုတွေ ရှိနေကြပါတယ်။