ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်မှာ ဖွင့်
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည်နယ် ဝန်ကြီးချုပ် ကိုင်တိုင် တက်ရောက် ခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို ထောက်ခံကြောင်း ဒေသခံတချို့ကလည်း စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
တကယ်တော့ ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူဖို့ လုပ်ဆောင်ကတည်းက ဒေသခံကရင်နီ လူငယ်တွေ အနေနဲ့ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခြင်း မပြုဖို့ ကန္ဒာဟေဝန် ပန်းခြံ အနီးမှာ ထိုင်သပိတ် စခန်းဖွင့် ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီလို ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်နီ လူငယ် ၂၀ ဦးကိုလည်း ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထား ပါတယ်။
ကန့်ကွက်နေတဲ့ကြားက ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူပွဲနဲ့ ထောက်ခံပွဲအပေါ် ကရင်နီ လူငယ် ခွန်သောမတ်စ်က ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူဖို့ အစိုးရကို မေးတဲ့ အခါ အသင်းအဖွဲ့က လုပ်တယ်လို့ ပြောပြီး အသင်းအဖွဲ့ရဲ့ နာမည်ကိုတော့ မထုတ်ဖော်ရဲဘူးလို့ ပြောပါတယ်။
ဒီလိုလုပ်ဆောင်တဲ့ အထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တွေ ပါနေတာကြောင့် ပါတီအနေနဲ့ ဦးဆောင်ပြီး လုပ်တာ မဟုတ်ဘူးလားလို့ မေးတဲ့အခါ ပရဟိတ အဖွဲ့တွေ လုပ်တာလို့ ပြန်ပြောတာကြောင့် ရှင်းလင်းတဲ့ အဖြေတခု လိုချင်တယ်လို့ သူက ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်က ပါတီအနေနဲ့ ဆောင်ရွက်ခိုင်းတာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်တို့ ဒီဟာကို ကိုယ်တိုင် ဦးစီးပြီးလုပ်တာ၊ စိုက်ထူဖို့ တိုက်တွန်းတာ ဘာမှမရှိဘူး၊ ကျွန်တော်တို့က ဒီဟာ ဖြစ်လာတာ သိရပါပြီ၊ သိရတဲ့အခါမှာ နှစ်ဖက်ကို ညှိနှိုင်းပြီး ဖြစ်နိုင်ချေကို စေ့စပ်ပေးရမှာပေါ့လေ၊ ကျွန်တော်တို့ သဘောထားကတော့ ကန့်ကွက်တဲ့သူ ရှိရင် ကန့်ကွက်တဲ့ သူကို အကျေအလည် ညှိနှိုင်းပြီးမှ ဘယ်ဟာကို မဆို ဆက်ပြီးမှ လုပ်စေချင်တာပေါ့လေ" လို့ သူက ပြောပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ လုပ်ဆောင်ခဲ့တာကို ကရင်နီ လက်နက်ကိုင်အဖွဲ့၊ ကရင်နီပါတီ၊ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့အပါအဝင် ကရင်နီလူငယ် အရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်ထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တွေနဲ့ ကရင်နီ လူငယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။အခုလိုဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူမယ့်အပေါ် ကချင်လူငယ် အဖွဲ့အစည်းတချို့ အပါ အဝင် အရပ်ဘက် အဖွဲ့အစည်းတွေ ကလည်း သဘောမတူကြောင်း ထုတ်ပြန်ကြေညာခဲ့ ပါတယ်။