အိန္ဒိယထဲရောက်နေတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ရွှေ့ပြောင်းနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယနိုင်ငံကနေ ဘင်္ဂလာဒေ့ရှ်ထဲ ရိုဟင်ဂျာတွေ ဝင်လာနေတာ အခုဆိုရင် ထောင်ဂဏန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ တာဝန်ရှိ သူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံထဲ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည် ပြန်ပို့ဖို့ အိန္ဒိယ အစိုးရ စိုင်းပြင်းလာတဲ့ မနှစ် ၂ဝ၁၈ နှစ်လယ် ပိုင်းက စလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်တာမျိုးတွေ ပေါ်ပေါက်လာပါတယ်။
အိန္ဒိယထဲ ကနေ ဝင်လာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ အခုဆိုရင် တစ်ထောင့်သုံးရာကျော် သွားပြီဖြစ်ပြီး သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR ရဲ့ ကြီးကြပ်မှုနဲ့ ယာယီ စခန်းတွေထဲ ထားထားတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် ကူညီရေးနဲ့ ပြန်လည် လွှဲပြောင်းရေး ကိစ္စမှာ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကိုယ်စားပြု ဦးဆောင် တာဝန်ယူထားတဲ့ မိုဟာမက်ဒ် အဘူလ်ကာလမ် ဘီဘီစီကို ပါတယ်။
မြန်မာပြည်ထဲ အိန္ဒိယ အစိုးရက ပြန်ပို့တာ ခံရမှာကို ကြောက်လို့ ပြေးလာကြတာ ဖြစ်တယ်လို့ ရောက်လာကြသူတွေက ထွက်ဆို ကြောင်းလည်း အဘူလ်ကာလမ်က ပြောပါတယ်။
မြန်မာနိုင်ငံထဲက လက်ရှိ အခြေအနေတွေဟာ ရိုဟင်ဂျာတွေ အတွက် လုံခြုံမှု ရှိမနေသေးပဲ၊ သူတို့ကို ပြန်လွှတ်ရင် အသက် အန္တရာယ် ရှိတယ်ဆိုပြီး အဲဒီသူတွေက ထွက်ဆိုကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ထဲ ရောက်လာကြသူတွေကို ကြည့်ရင် အိန္ဒိယရဲ့ မြို့တစ်ခု၊ နေရာတစ်ခုတည်းက ထွက်လာသူတွေ မဟုတ်ပဲ ဂျာမူး၊ ဟိုင်ဒရာဘတ်၊ နယူးဒေလီ စတဲ့ နေရာ အနှံ့ လမ်းကြောင်း အမျိုးမျိုးကနေ လာကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ထဲ ရောက်တဲ့အခါ တချို့လည်း ယာယီ ကြားစခန်းတွေထဲ နေနေ ကြရသူတွေ ရှိသလို၊ တချို့လည်း ရိုဟင်ဂျာတွေ သိန်းချီ ခိုလှုံနေတဲ့ ကော့ဆက်ဘဇား နယ်ထဲက စခန်းတွေထဲထိ ရောက်လာသူတွေလည်း ရှိပါတယ်။
ယာယီကြားစခန်းတွေထဲ နေနေကြရသူတွေကို ဒုက္ခသည်စခန်းတွေ ရှိရာဆီ ပြောင်းရွှေ့နေရာ ချပေးမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ထဲ ထားရှိတဲ့ UNHCR ရုံးရဲ့ ပြောခွင့်ရ ဖီရတ်စ် အယ်လ်-ခါတိဘ်က ဆိုပါတယ်။

အိန္ဒိယ အစိုးရဟာ ရိုဟင်ဂျာ ၇ ယောက်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက နယ်စပ်မြို့ မိုးရေး ကနေတဆင့် မြန်မာ အာဏာပိုင် တွေထံ လွှဲပြောင်း ပေးခဲ့ပါတယ်။
ဒုက္ခသည်တွေရဲ့ ဆန္ဒ သဘောထား မပါပဲ ပြည်နှင်ဒဏ် ပေးတဲ့ လုပ်ရပ် အဖြစ် နိုင်ငံတကာရဲ့ ဝေဖန်သံတွေ ရှိနေတဲ့ကြားကပဲ နောက်ထပ် ၅ ယောက်ကို ဒုတိယ အသုတ်အဖြစ် ထပ်လွှဲပေးခဲ့တဲ့ နောက်မှာတော့ အိန္ဒိယရောက် ရိုဟင်ဂျာတွေ ကြားထဲ ကြောက်ရွံ့ မှုတွေ တိုးမြင့်လာတယ်လို့ ကိုယ်တိုင် အိန္ဒိယရောက် ရိုဟင်ဂျာ ဒုက္ခသည် တစ်ယောက် ဖြစ်တဲ့ အလီဇိုဟာက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ လ လောက်က စပြီး ရိုဟင်ဂျာတွေ ဖြည့်ဖို့ လျှောက်လွာ ပုံစံတွေကို အိန္ဒိယ အာဏာပိုင်တွေက ဝေလာတာမျိုး၊ ကိုယ်ရေး အချက် အလက်တွေ ကောက်တာမျိုးတွေလည်း လုပ်လာတယ်လို့ ဆိုပါတယ်။
အဲဒီ နောက်မှာတော့ အိန္ဒိယရောက် ရိုဟင်ဂျာတွေကြားထဲ မြန်မာပြည်ကို အတင်းအဓမ္မ ပြန်လွှတ်ခံရမှာကို ကြောက်စိတ်တွေ ပိုမို ပေါ်ပေါက် လာကြတယ်လို့ အလီဇိုဟာက သူ့ ပတ်ဝန်းကျင်မှာ တွေ့ကြုံ နေရတာတွေကို ပြောပါတယ်။
ဒါ့ကြောင့်လည်း ဘင်္ဂလားဒေ့ရှ်ထဲ ဝင်ရောက်တဲ့ ပမာဏဟာ အခု လပိုင်းတွေမှာ ပိုမို တိုးမြင့်လာတာ ဖြစ်တယ်လို့ ဒုက္ခသည်အရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် အိန္ဒိယ အာဏာပိုင်တွေက အင်အားသုံး မောင်းထုတ်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားရတဲ့ အပေါ် မလိုလားတဲ့ အပြုအမူတွေ၊ ဒုက္ခသည်တချို့ကို တကယ်လည်း မြန်မာပြည် ဘက် ပြန်လွှဲတာမျိုးတွေကြောင့် ရိုဟင်ဂျာတွေကို
အိန္ဒိယထဲ ဆက်ပြီး နေလိုစိတ် မရှိတော့အောင် ဖိအားပေးတဲ့ သဘောမျိုး သက်ရောက် နေတယ်လို့ ဒုက္ခသည် အရေး လှုပ်ရှားသူ တွေက ပြောပါတယ်။
အဲဒီ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်ဖို့ နယ်စပ်ဖြတ်ကျော်တဲ့အခါမှာ အိန္ဒိယ နယ်ခြားစောင့်တပ်က ကူညီတာတွေတောင်လုပ်ပြီး၊ ဘင်္ဂလားဒေ့ရှ် ဘက်မှာတော့ ဖမ်းတာဆီးတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယဘက်က ဝင်လာတဲ့ ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဆီမှာ တိကျတဲ့ မူဝါဒ သတ်သတ်မှတ်မှတ် မရှိသေးပဲ အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဘူလ်ကာလမ် အဗ္ဗဒူလ် မိုမင်က ပြောနေပါတယ်။
အိန္ဒိယနိုင်ငံထဲ ရိုဟင်ဂျာ ဒုက္ခသည် တစ်သောင်း ခြောက်ထောင်၊ တစ်သောင်း ခုနှစ်ထောင် ဝန်းကျင်လောက် ရှိနေပြီး ဒေလီ၊ အူတာပရာဒက်ရှ်၊ ဟာယားနား၊ ဂျမူးနဲ့ ကက်ရှ်မီးယား အပါအဝင် ပြည်နယ်တွေမှာ ပြန်နှံ့ ရောက်ရှိ နေတာဖြစ်ပါတယ်။












