တိုင်ဝမ်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား တဦးသေဆုံး ခုနစ်ဦး ပျောက်ဆုံးနေ

တိုင်ဝမ် မြောက်ဘက်ကမ်းလွန်မှာ ဇန်နဝါရီလ ၂ ရက်က နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောမှာ ပါရှိတဲ့ မြန်မာသင်္ဘောသား ၁၂ ဦးမှာ လေးဦးကို အသက်ရှင် ကယ်ဆယ်နိုင်ခဲ့ပြီး တဦး သေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးနေတယ်လို့ ရေကြောင်းဦးစီးဌာန သင်္ဘောသားဌာနခွဲက ပြောပါတယ်။

တိုင်ဝမ်ကနေ ထွက်လာပြီး နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောမှာ ပြည်တွင်းသားသင်္ဘောကုမ္ပဏီ သုံးခု ဖြစ်တဲ့ Sun Marintine, Leader Marine Oversea (Company) နဲ့ Ocean World ကုမ္ပဏီတွေက ပို့ဆောင်ပေးတဲ့ မြန်မာသင်္ဘောသား ၁၂ ဦး ပါရှိတာလို့ ရေကြောင်းဦးစီးဌာန သင်္ဘောသားဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက ပြောပါတယ်။

"နှစ်ယောက် ကတော့ တိုင်ဝမ်မှာ ပြန်ရောက်နေတယ် ကြားတယ်။ နှစ်ယောက်က တရုတ်ငါးဖမ်း သင်္ဘောက ဆယ်သွားပြီး တရုတ်ကို ရောက်နေတယ်။ တယောက်က အလောင်း တွေ့တယ်။ ပျောက်နေတဲ့ သူတွေကို ရှာနေတယ်ကြားတယ်" လို့ ဦးဟိန်းထက်စိုးက ပြောပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေဘက်က သတင်းပေးပို့ လာတာကို ပြည်တွင်းကုမ္ပဏီတွေက ဌာနကို အကြောင်းကြား လာတဲ့အတွက် သင်္ဘောသားဌာနခွဲ အနေနဲ့ အဲဒီသင်္ဘောမှာ ပါရှိသူတွေရဲ့ မိသားစုဝင်တွေရဲ့ လိုအပ်ချက်အတိုင်း ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက် ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာပင်လယ်ကူး သင်္ဘောသားများသမဂ္ဂရဲ့ ဒီကနေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ သင်္ဘောသား လေးဦးကို အသက်ရှင် ကယ်တင်နိုင်ပြီး တဦးကတော့ ကယ်ဆယ်ပြီးနောက် သေဆုံးသွား ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာလည်း သင်္ဘောသားတွေရဲ့ နာမည်ကို ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီသင်္ဘောက EPNI အာမခံကုမ္ပဏီမှာ အာမခံ ထားရှိထားတဲ့အတွက် သင်္ဘောသားတွေရဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု၊ မတော်တဆ သေဆုံးမှုအတွက် နစ်နာလျော်ကြေး ဆုံးရှုံးမှုတွေ ရရှိမယ်လို့လည်း ဆိုပါတယ်။

တိုင်ဝမ်ပိုင် လန်ဒန်အမည်ရှိ အဲဒီကုန်တင်သင်္ဘောဟာ တိုင်ဝမ် မြောက်ဘက် NE ကျွန်းအနီးမှာ တိမ်းမှောက် သွားခဲ့တာဖြစ်ပြီး အဲဒီသင်္ဘောမှာ မြန်မာသင်္ဘောသား ၁၄ ဦး၊ ထိုင်ဝမ် သင်္ဘောသား တဦး ပါရှိတယ်လို့ တရုတ်ရေကြောင်းဆိုင်ရာ အရာရှိတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

တိုင်ဝမ်အမျိုးသား ကယ်ဆယ်ရေးဌာနက ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီဆောင်ရွက်ဖို့ ကမ်းခြေစောင့် တပ်ဖွဲ့ရဲ့သင်္ဘောနဲ့ လေယာဉ်တွေကို အခင်းဖြစ်တဲ့နေရာကို စေလွှတ်ထားတယ်လို့ ကြေညာ ထားပြီး သင်္ဘောနစ်မြုပ်ရတဲ့ အခြေအနေကို သိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပြီလို့ ဆင်ဟွာ သတင်းမှာ ပါရှိပါတယ်။