မြန်မာ့တပ်မတော်က တိုက်လေယာဉ်သစ် ၄ စီးနဲ့ ရဟတ်ယာဉ်တွေကိုပါ ဝယ်ယူအားဖြည့်

ဒီဇင်ဘာ ၁၅ရက် နေ့မှာ တပ်မတော် (လေ) ၇၁နှစ်ပြည့်မြောက်အနေနဲ့ မြန်မာ့တပ်မတော်က အသစ် ဝယ်ယူထားတဲ့ တိုက်လေယာဉ် ၄ စီးအပါအဝင် လေယာဉ် ၇စီး ကို ဒီကနေ့မှာ တပ်တော်ဝင်အခမ်းအနား လုပ်ပြီး ထုတ်ဖော်ပြသခဲ့ပါတယ်။

အသစ် ဝယ်ယူလိုက်တဲ့ လေယာဉ် ၇ စီးမှာ တရုတ်-ပါကစ္စတန် ပူးတွဲထုတ်ထားတဲ့ တိုက်လေယာဉ် အမျိုးအစားတွေ အပြင် ခရီးသည်တင် အမျိုးအစား ATR-72 လေယာဉ် ၂ စီးနဲ့ ကယ်ဆယ်ရေးတွေ မှာအသုံးပြုနိုင်တဲ့ ABS 365 ရဟတ်ယာဉ် တစ်စီးလည်း ပါဝင်တယ် လို့ သိရပါတယ်။

''JF-17 တိုက်လေယာဉ်ကတော့ ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော့တို့ သိသလောက်တော့ သူက လုံးဝအသစ်ပါ။ အဓိကတော့ ပါကစ္စတန် လေတပ်မှာ သုံးနေတာပါ။ သူ့မှာလည်း Block 1,2,3 ရှိတယ်။ ဒီမှာတော့ block ဘယ်လောက်ကို ဝယ်ထားလဲတော့ မသိပေမယ့် သူ့တန်ဖိုးကတော့ ဒေါ်လာ ၂၈ သန်း ကနေ ၃၂ သန်း လောက်ထိ အစားစား ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ဆီမှာ စတုတ္ထ မျိုးဆက်အနေနဲ့ ခေတ်မီ တိုက်လေယာဉ်တွေလို့တော့ ပြောလို့ရပါတယ်။''လို့ သေနင်္ဂဗျုဟာ လေ့လာရေး အဖွဲ့ တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးက အသစ်ဝယ်ယူလိုက်တဲ့ တိုက်လေယာဉ်အမျိုးအစားနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

နိုင်ငံတော် ကာကွယ်ရေးအတွက် လေတပ်အင်အား ဖြည့်တင်းတယ်ဆိုပြီး မြန်မာ့တပ်မတော်က ခေတ်မီ တိုက်လေယာဉ်အသစ်တွေကို ထုတ်ဖော်မပြသခင် ပြီးခဲ့တဲ့လပိုင်းအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြောင်းအလဲတွေလည်း ရှိနေခဲ့တာပါ။

အပစ်ရပ် လက်မှတ်ရေးထိုးပြီး အဖွဲ့တွေထဲကမှ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( အာစီအက်စ်အက်စ်) အဖွဲ့တွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လတ်တလော ပါဝင်မှုရပ်ဆိုင်းထားချိန်လည်းဖြစ်ပါတယ်။

' ' တပ်မတော်ကတော့ စစ်အင်အားဖြည့်တာကတော့ တောက်လျှောက်လုပ်နေတာပဲ။ ဒီလေယာဉ်တွေ ပြည်တွင်းစစ်မှာ သုံးမသုံးဆိုတာ အဓိက ပြည်တွင်းစစ်ကို ရပ်အောင် လုပ်နိုင်မလုပ်နိုင်ပဲ။ ဒါကိုပဲ ကြည့်ရမှာပဲ။ လောလောဆယ် အပစ်ရပ်အဖွဲ့တွေနဲ့ အခုလိုဖြစ်နေပေမယ့်လည်း ဒီ ၂ လအတွင်းမှာ ဘာလက်နက်ကိုင် တိုက်ပွဲကြီးကြီးမားမားမှ မဖြစ်တာက အကောင်းလို့ ပြောလို့ရတယ်။ ဒါက ၂ ဖက်က ချိန်ချိန်ဆဆ စဉ်းစားနေပုံ ရပါတယ်။'' တိုက်လေယာဉ်အသစ်တွေ အင်အားပြလာတဲ့ အပေါ် မြန်မာ့အရေး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုသွားတာပါ။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့လည်း အပစ်ရပ် ရေးထိုးနိုင်ဖို့ မြောက်ပိုင်းအဖွဲ့ ၃ ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် MNDAA ၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင့်တပ်မတော် AA တို့ဘက်ကလည်း အပစ်ရပ် ဆွေးနွေးဖို့ ကြေညာချက်တွေ ထုတ်ပြန်လာတဲ့အတွက် ဒီအဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်မယ်ဆိုရင် စစ်ရေးအရ ပဋိပက္ခတွေ ကြီးလာတာကို တစ်စုံတစ်ရာ ထိန်းချုပ်လာနိုင်မှာလည်း ဖြစ်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။

အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ငြိမ်နေတယ်ဆိုပေမယ့်လည်း ဒီရက်ပိုင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ပုဏ္ဍားကျွန်းမြို့နယ်တွေဘက်မှာ မြန်မာ့မတော်နဲ့အေအေ အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ သူစုစုပေါင်း ၃၀၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။