ရခိုင်ပဋိပက္ခအတွင်း လူအခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့သက်သေတွေရှိရင် ပေးပို့ဖို့ဖိတ်ခေါ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေးချိုးဖေါက်ထားတဲ့ အထောက် အထားတွေရှိရင် ကော်မရှင်ကို ပေးပို့ နိုင်တယ်လို့ ကော်မရှင်အနေနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း အဖြစ်အပျက်တွေမှာ အထောက်အထားတွေရှိရင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကော်မရှင်ကို ဖုန်း ( 09897663189) ကိုဖြစ်စေ အီးမေးလ်( [email protected]) ကို ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေပေးပို့နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။

သက်သေခံပေးပို့တဲ့သူကို အချက်အလက်ပိုမိုခိုင်မာအောင်လူတွေ့မေးမြန်းတာတွေ လုပ်ဆောင်မှာ ဖြစ်သလို လူကိုယ်တိုင်လာရောက်သက်သေခံလို့လည်းရတယ်လို့ ကော်မရှင်တာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ လူအခွင့်အရေးချိုး ဖောက်မှု တွေရှိမရှိ စုံစမ်း စစ်ဆေးဖို့ ဖွဲ့ထားတဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်အနေနဲ့ သက်သေအထောက်အထားတွေရဖို့ ၄ လကျော် ကာလအတွင်းတွေ့ဆုံမေးမြန်းတာတွေ၊ ကွင်းဆင်းကြည့်ရှု စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

'' ကော်မရှင်အနေနဲ့ ခုထိကတော့ စွပ်စွဲနေတာတွေကို ခိုင်မာတဲ့ သက်သေအထောက်အထား တွေပြနိုင်တဲ့ အနေအထားတစ်ခုမှမရှိသေးဘူး'' လို့ စုံစမ်းတွေ့ရှိချက်တွေအပေါ် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ရိုဆာရီယို မယ်နာလို ကပြောပါတယ်။

ရရှိထားတဲ့ သက်သေခံချက်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ စွပ်စွဲဖို့အတွက် ခိုင်လုံလောက် တဲ့အထိမရှိတာကြောင့်လည်း အခုလို အချက်အလက်တွေပေးပို့ဖို့ ဖိတ်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ စုံစမ်းမေးမြန်းမှုတွေလုပ်နေတာတွေရှိပေမယ့်လည်း အခုချိန်ထိတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေကိုတော့ မလုပ်ရသေးပါဘူး။

' မလိုသေးလို့ပါ။ အဓိကက အချက်အလက်တွေစုနေတာ၊ ကိုယ်တိုင်လည်း ၂ခေါက်ရှိပြီ၊ သူတို့ဘာပြော မလဲပေါ့၊ အရေးကြီးတာက အပြောမဟုတ်ဘူး၊ အဓိကက ခိုင်လုံတဲ့သက်သေအထောက်အထားပဲ၊ မှတ်တမ်းမှတ်ရာရှိဖို့ပဲ၊ ဖြစ်နေတာက သူပြောတယ်ကိုယ်ပြောတယ် ဖြစ်နေလို့တော့မရဘူး'' လို့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်တွေဆီမသွားရောက်သေးတဲ့အကြောင်းအပေါ် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက် ကပြောပါတယ်။

လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်အနေနဲ့ ရခိုင်ကိုသွားရောက်ခဲ့သလို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့လဲတွေ့ဆုံတာတွေရှိခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ နိုင်ငံတကာ အဖွဲ့အစည်း တချို့ကစွပ်စွဲနေသလို အမှန်တကယ်လူ့အခွင့်ရေးချိုးဖေါက်မှု တွေရှိမရှိနဲ့ ရှိခဲ့ရင်လဲ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို စုံစမ်း ဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။