ချင်းပြည်နယ် ပလက်ဝက အစိုးရတပ်နဲ့ AA တပ်အကြား တိုက်ပွဲဖြစ်၊ နှစ်ဖက်စလုံး အကျအဆုံးရှိ

ဓာတ်ပုံ ရင်းမြစ်, ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ( အိန္ဒိယနဲ့ - ဘင်္ဂလားဒေ့ရှ်) နယ်စပ်မှာ AA ရခိုင့်တပ်မတော်နဲ့ အစိုးရ တပ်မတော် အကြား မနေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အကျအဆုံးများတယ်လို့ သိရပါတယ်။
AA တပ်နဲ့ အစိုးရတပ်ရင်း ၃၇၃ ဟာ ကုလားတန်မြစ်နဲ့ ပိချောင်ကြားမှာရှိတဲ့ နတ်ချောင်းဝကျေးရွာအနား မိုင်တိုင်အမှတ် ၆၈ နဲ့ ၆၉ အကြားမှာ မနေ့ကညပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ပလက်ဝမြို့နယ်က ရခိုင်တပ်မတော်တပ်ဖွဲ့က အတည်ပြုပြောပါတယ်။
တိုက်ပွဲကြောင့် တပ်ဘက်က ကျဆုံးသူ ၂၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၃၀ ကျော် ရှိတယ်လို့ ပလက်ဝက ရခိုင်တပ်မတော်အရာရှိတဦးက ပြောပါတယ်။
တိုက်ပွဲတွေဟာ ကုလားတန်မြစ်နဲ့ ပီချောင်းအကြား ဘင်္ဂလာဒေ့ရှ်နိုင်ငံအနီးက နတ်ချောင်းဝရွာ အနောက်ဖက်မှာ မနေ့က နေ့လယ် ၁ နာရီခွဲက တစ်ကြိမ်၊ ၂ နာရီကျော်မှာ တစ်ကြိမ်နဲ့ ည ၉ နာရီမှာ တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တယ်လို့ AA ရခိုင့်တပ်ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
" မနေ့က နေ့လယ်က ဖြစ်တဲ့တိုက်ပွဲမှာ အမ်းအခြေစိုက် ခမရ ၃၇၃ က ၂၀ လောက်တောင် ကျတယ်လို့ ပြောတယ်။ မနေ့ကဖြစ်တဲ့ တိုက်ပွဲမှာလည်း မြန်မာတပ်ဘက်က အများအပြား ကျတယ်လို့ ပြောပါတယ်။ ခုလို ကျဆုံးစာရင်းကို ပြောနိုင်တာက မျက်မြင်လို့ ပြောပါတယ်။ ဒဏ်ရာရပြီး ထွက်ပြေးတာ သေနတ်တွေလည်း သိမ်းဆည်း ရမိတယ်လို" ခိုင်သုခက ပြောပါတယ်။
တိုက်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်းမှာလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အခုလို တိုက်ပွဲ ဖြစ်ရတာက အစိုးရ တပ်ရင်း (၁၀) ရင်းလောက်က AA တပ်တွေကို ထိုးစစ်ဆင်နေတဲ့အတွက် ဖြစ်ပွားရတာလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က အစိုးရတပ်နဲ့ AA တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး AA ဘက်က တစ်ယောက် ကျဆုံးပြီး သုံးလေးယောက် ဒဏ်ရာရခဲ့တယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။




