ပလက်ဝဘက် တပ်မတော်နဲ့ AA တကျော့ပြန်တိုက်

burma

ဓာတ်ပုံ ရင်းမြစ်, ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ဓာတ်ပုံ ပုံစာ, AA ရက္ခိုင့် တပ်မတော် လက်နက်ကိုင်အဖွဲ့

တိုက်ပွဲ ဖြစ်ပွားမှု မရှိတာ လနဲ့ ချီနေပြီဖြစ်တဲ့ AA ရက္ခိုင့် တပ်မတော် လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ တပ်မတော်အကြား ပလက်ဝမြို့နယ်အတွင်း မေလ ၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ထိခိုက် ကျဆုံးသူ ၄ ယောက် ရှိခဲ့သလို ဒဏ်ရာရတာ ၆ ယောက်ထက် မနည်း ရှိတယ်လို့ ULA ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

မေလ ၃ ရက် မနက်အစောပိုင်းမှာ ပလက်ဝ မြို့နယ်အတွင်း ကုန်ပြင် ကျေးရွာ မြောက်ဘက်မှာ အစိုးရတပ် မင်းပြား အခြေစိုက် ခလရ ၅၄၉ တပ်ရင်းက AA အဖွဲ့ အခြေစိုက်ရာ ဒေသထဲကို တိုးဝင်လာတဲ့အတွက် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ခိုင်သုခက ဆိုပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်ဘက်က အဲဒီ့ဒေသကနေ ဆုတ်ခွာသွားပေမယ့် ပြန်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် နို၀င်ဘာလနဲ့ ဒီဇင်ဘာလ အတွင်းမှာ ပလက်ဝမြို့နယ်တဝိုက်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ့နောက် လေးလကျော်ကြာ စစ်ပွဲတွေ ရပ်တန့်နေခဲ့ပြီး အခုမှ တကျော့ပြန်တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာပါ။

အစိုးရတပ်ဘက်က AA တပ်ကို အမြစ်ပြတ် ချေမှုန်းမယ်လို့ ကြွေးကြော်ထားတာကြောင့် ထပ်ပြီး ထိုးစစ်ဆင်လာရင် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် အရပ်သား ထိခိုက် သေဆုံးမှု မရှိဘူးလို့ သူက ပြောပါတယ်။