ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်အတွင်း တပ်ကသေနတ်နဲ့ ပစ်လို့ ရေမဆေးသမားတယောက် သေဆုံး

တူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်းကစွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက်ရှာဖွေသူအချို့ကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/GETTY

ဓာတ်ပုံ ပုံစာ, တူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်းကစွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက်ရှာဖွေသူအချို့ကိုတွေ့ရစဉ်

ဖားကန့်မြို့နယ် ဆိပ်မူရွာအုပ်စု၊ ဝှေခါကျေးရွာအတွင်းမှာရှိတဲ့ ရတနာကြယ် ကုမ္ပဏီရဲ့ ကျောက်စိမ်း တူး ဖော်ရေး လုပ်ကွက်အတွင်းမှာ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လုံခြုံရေးယူထားတဲ့ တပ်မတော်သား အချို့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရေမဆေးရှာသူတွေထဲက တဦး သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဝှေခါကျေးရွာက ကိုဇော်နိုင်က ဘီဘီစီကို ပြောပါတယ်။

သေနတ်မှန်ပြီး သေဆုံးသွားသူမှာ ကောလင်းမြို့ကနေ လာရောက်လုပ်ကိုင်တဲ့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကိုကျော်မျိုးထွန်းဆိုသူဖြစ်တယ်လို့ သိရပြီး ဝှေခါကျေးရွာ မှော်သစ်ကုန်း ( ၄)မှာ နေထိုင်ကာ ရေမဆေး အလုပ် လုပ်ကိုင်ခဲ့သူလို့ ဒေသခံတွေကပြောပါတယ်။

' ' မနေ့က ရေမဆေးတွေက ကျင်းတူးဖို့ ဝင်ကြတဲ့အနေအထားမှာ တပ်ကလည်း လုံခြုံရေးစောင့်ရင်းနဲ့ ထိန်းရင်းနဲ့ ရေမဆေးကလည်း တအားများတော့ ထိန်းရင်းနဲ့ ဖောက်လိုက်တဲ့ အနေအထားမှာ တယောက် ကိုမှန်သွားတာပါ။ မနေ့ကတော့ ဆီတိုင်ကီ တွေဖောက်ပြီး မီးရှို့မှာတို့ဘာတို့ပူနေရတာပေါ့။ မီးသတ်တွေပါ ခေါ်ထားရတယ်။ ဒီနေ့ကတော့ အေးအေးဆေးဆေးပါပဲ။ ရေမဆေးသမားတွေရော တူးဖော်ရေးတွေရော အားလုံးအေးဆေးပါပဲ။ လက်ရှိကတော့ သေသွားတဲ့ ကောင်လေးရဲ့အဖေနဲ့ အကို ဝှေခါကို လာနေပြီ။ ဆုံးသွားတဲ့ ကောင်လေးအတွက်ကို ကုမ္ပဏီဘက်ကတော့ နစ်နာကြေး အဲလိုမျိုးပေးမယ်လို့ ပြောထား တယ်။ ဘယ်ရွေ့ဘယ်မျှ ဆိုတာတော့ မပြောထားဘူး။ သူ့အဖေနဲ့ အကိုလာမှ ပြောကြဆိုကြရမှာ ဆိုတော့လေ'' လို့ ကိုဇော်နိုင်က ဘီဘီစီကိုပြောပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ပြပွဲတစ်ခုမှာ ပြသထားတဲ့ မြန်မာ့ကျောက်စိမ်းတုံးအချို့

ဓာတ်ပုံ ရင်းမြစ်, AUNG HTET/AFP/GETTY

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာကျင်းပတဲ့ပြပွဲတစ်ခုမှာ ပြသထားတဲ့ မြန်မာ့ကျောက်စိမ်းတုံးအချို့

တရားဝင်တူးဖော်ခွင့်ရ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေက မနက် ၄ နာရီကနေ ၆ နာရီ၊ ညနေ ၄ နာရီကနေ ၆ နာရီ ကြားအချိန်ကို ဝင်ရောက်ရှာဖွေခွင့်ပြုထားပြီး အဆိုပါ အချိန်မတိုင်ခင် ဝန်းကျင်မှာ ဝင်ရောက်ဖို့ကြိုး စားခဲ့တဲ့အတွက် လုံခြုံရေးရယူထားတဲ့ တပ်မတော်သားအချို့က ပစ်ခတ်တားဆီးရာက သေဆုံးခဲ့တာဖြစ်တယ်လို့ ဝှေခါဒေသခံတချို့က ပြောပါတယ်။

' ' မနေ့ကဖြစ်သွားတဲ့ ဖြစ်စဉ်ကို စစ်ဆေးတာတွေလုပ်နေပါပြီ။ ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေး ပိုင်းက တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်။ ဒီဒေသက ရပ်မိရပ်ဖတွေ သူတို့နဲ့ပူးပေါင်းရမယ့် အဖွဲ့တွေ အားလုံးပူပေါင်းပြီးတော့ ဘာကြောင့်မို့ ဖြစ်တယ်။ ဘယ်ကအပြစ်ရှိတယ်ဆိုတာကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က လိုက်လံစစ်ဆေးနေပါတယ်။ တာဝန်ယူပြီးစစ်ဆေးသူတွေရဲ့ တွေ့ရှိချက်အပေါ်မူ တည်ပြီးအရေးယူဆောင်ရွက်သွားမှာပါ'' လို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေအပေါ် ဝှေခါရွာကို ရောက်ရှိနေတဲ့ ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဘီဘီစီကို ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ZAU RING HPRA

ဓာတ်ပုံ ပုံစာ, အန္တရာယ်ကြီးတဲ့ ဖားကန့်ကျောက်စိမ်းတွင်း

ပြည်နယ်အစိုးရအဖွဲ့ဘက်က စုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ပြောဆိုပေမယ့်လည်း ကျောက်စိမ်းတူးဖော်ရေးဒေသဖြစ်တဲ့ဖားကန့်မှာ ကိုကျော်မျိုးထွန်းနည်းတူ လုပ်ကွက်တွေ ကို လုံခြုံရေးရယူပေးတဲ့ တပ်မတော်သားအချို့ရဲ့ ပစ်ခတ်မှုတွေကြောင့် ရေမဆေး ရှာဖွေသူ အချို့သေဆုံးခဲ့ တာတွေရှိခဲ့ဖူးပါတယ်။ လူသေဆုံးမှုတွေရှိခဲ့ပေမယ့်လည်း အမှုဖွင့်အရေးယူတာမျိုး တွေ မတွေ့ရဘဲ သေဆုံးသူတွေအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီဘက်က နစ်နာကြေး ပေးလျော် တာမျိုးတွေနဲ့သာ ပြီးသွား လေ့ရှိတယ်လို့လည်း ကိုဇော်နိုင်ကပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို မကြာခဏ လူသေဆုံးသည်အထိ ဖြစ်နေရတာဟာ ကချင်ပြည်နယ် အတွင်းက ဗန်းမော်၊ တနိုင်း စတဲ့ဒေသအသီးသီးမှာ ရွှေ သတ္တု ၊ပယင်း တူးဖော်တဲ့ တပိုင်တနိုင် လုပ်ကွက်တွေကို လုံခြုံရေးအခြေအနေအရ ခွင့်ပြုမပေးနိုင်ဘဲ ပိတ်ပင်ထားလိုက်ပြီးနောက်ပိုင်း ဖားကန့်ဒေသမှာ ရေမဆေးသမားတွေ ပြုံဆင်းလာပြီး အရင်ထက် ပိုမိုများပြားလာတဲ့အတွက် ဖြစ်နေတာလို့ဆိုပြီး ဒါတွေကို ဖြေရှင်းဖို့နည်းလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြန်လည်တင်ပြသွားဖို့ရှိတယ်လို့လည်း ပြည်နယ်ဝန်ကြီးတဦး ဖြစ်တဲ့ ဦးအားတီယောဟန်က ပြောပါတယ်။