ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုက်တာ သတင်းထောက်တွေကိစ္စ၊ ရိုဟင်ဂျာ အရေးကိစ္စတွေအကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ Mike Pence တို့ အမြင်ချင်းဖလှယ်ခဲ့ကြ
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အမေရိကန် ဒုတိယ သမ္မတ Mike Pence က ထပ်ခါတလဲလဲ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်နေတဲ့ မစ္စတာ Pence နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သီးသန့် တွေ့ဆုံပြီး ရိုက်တာ သတင်းထောက်တွေရဲ့ အမှုကိစ္စ၊ ရိုဟင်ဂျာ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် ဖိနှိပ်နေတာနဲ့ ပတ်သက်လို့ ဘယ်လို အကြောင်းပြချက်မျိုးမှ လက်ခံနိုင်စရာ မရှိဘူးလို့ Mike Pence က ဝေဖန် ပြောကြားလိုက်ပြီး လက်သည် တရားခံတွေကို အပြစ်ပေး အရေးယူရေးမှာ ဘယ်လို လုပ်ဆောင် နေသလဲ ဆိုတာကို သိချင်နေတယ်လို့ ပြောခဲ့ပါတယ်။
Mike Pence ရဲ့ ဝေဖန် ပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းမှာ မတူကွဲပြားတဲ့ အမြင် သဘောထားတွေ ရှိနေတယ်၊ ဒါပေမယ့် ဒီအမြင်တွေကို ဖလှယ်ပြီး အချင်းချင်းအကြား နားလည်မှု ရှိအောင် ကြိုးစားသင့်တယ်လို့ တုံ့ပြန် ပြောခဲ့ပါတယ်။
ကိုယ့်တိုင်းပြည် အကြောင်း ကိုယ်ပဲ ပိုသိကြသလို မြန်မာနိုင်ငံအကြောင်းကိုလည်း မစ္စတာ Pence ထက် သူ့အနေနဲ့ ပိုသိရှိ နားလည် ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အဲဒီ သီးသန့် တွေ့ဆုံပွဲမှာ ရိုက်တာ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ Pence က ထပ်ခါတလဲလဲ ပန်ကြားခဲ့ပါတယ်။
ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှု အတွက် အချက်အလက်တွေ ရှာဖွေနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းက ရန်ကုန်မြို့က စားသောက်ဆိုင်တခုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ခေါ်ယူခံခဲ့ရပြီး အဲဒီမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် သူတို့ နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဂျပန်သတင်းဌာန NHK နဲ့ အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည် က ရိုက်တာသတင်းထောက် နှစ်ဦးဟာ ရခိုင်ပြည်နယ် သတင်းလိုက်လို့ အဖမ်းခံရတာ မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေ ချိုးဖောက်ခဲ့လို့ အဖမ်းခံရတာ လို့ ပြောခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက် နေ့မှာတော့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။