ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝန်ကြီးဌာနတခု ထပ်မံတိုးချဲ့မယ့် မြန်မာအစိုးရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ အစိုးရသက်တမ်းတဝက်ကျော်မှာ အစိုးရဝန်ကြီးဌာနတခု တိုးချဲ့ဖွင့်ဖို့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမည်နဲ့ ဝန်ကြီးဌာနတခု ထပ်မံတိုးချဲ့မယ်ဆိုတဲ့ အကြောင်း သမ္မတဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်နာယက ဆီ သဝဏ်လွှာပို့လိုက်တာပါ။
အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်စေဖို့ ဒီဝန်ကြီးဌာနကို ထပ်တိုးချဲ့ရတာလို့ အစိုးရအဖွဲ့ကိုယ်စား ရှေ့ နေချုပ်ဦး ထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
လက်ရှိမှာတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဓိကတာဝန်ယူ ဆောင်ရွက်နေပါတယ်။
အဲဒီကော်မရှင်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၃ ဦးပါဝင်ပါတယ်။
ဝန်ကြီးဌာန အသစ်ဖွဲ့စည်းပြီးတဲ့အခါမှာတော့ ကော်မရှင်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ FERD လို့ခေါ်တဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဌာန တို့ ဒီဝန်ကြီးဌာနအောက်ကို ရောက်သွားနိုင်တယ်လို့ ကော်မရှင် အတွင်းရေးမှူးနဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ် ။
လိုတိုးပိုလျှော့
၂ဝ၁၆ မှာ အစိုးရသစ် တက်ခါစက ဝန်ကြီးဌာနတွေ လျှော့ချပြီး ဒုတိယဝန်ကြီး ခန်တာတွေလည်း မလုပ်ဘူးလို့ ဆိုခဲ့ပေမယ့် မကြာခင်မှာပဲ ဒုတိယ ဝန်ကြီးတွေ ခန့်အပ်ခဲ့ရသလို ဝန်ကြီးအသစ်တွေလည်း ခန့်အပ်ခဲ့ပါတယ်။
NLD ခေတ်မှာ ပထမဆုံး တိုးချဲ့ခဲ့တဲ့ ဌာနအသစ်ကတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနပါ။ မွန်လူမျိုး နိုင်သက်လွင် ဝန်ကြီးဖြစ်လာတဲ့ ဒီဌာနဟာ တာဝန်မည်မည်ရရ ဆောင်ရွက်တာ မရှိဘူးဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဆိုပြီးလည်း ၂ဝ၁၇ က စပြီး အသစ်ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမယ့် ဦးသိန်းစိန်လက်ထက်က ဝန်ကြီးဌာန ၃ဝ ကျော်နဲ့ သမ္မတရုံး ဝန်ကြီး ၆ ယောက်ထိ ခန့်ခဲ့တာကနေ ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ သူအပါအဝင် ဝန်ကြီး ၂၆ ယောက် ပဲ ရှိခဲ့ပါတယ်။
အရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရခေတ်မှာဆိုရင် အစိုးရအဖွဲ့ဝင် ၄ဝ ထိ ခန့်အပ်ခဲ့ဖူးပါတယ်။
အရင်က ဝန်ကြီးချုပ်ရုံး ဝန်ကြီးလို့ စစ်အစိုးရခေတ်မှာ ခေါ်ခဲ့တဲ့ နေရာတွေမှာ သမ္မတရုံး ဝန်ကြီး ဆိုပြီး ၂ဝ၁၁ နောက်ပိုင်း ပြောင်းလဲ ခေါ်လာခဲ့သလို ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတော့ အတိုင်ပင်ခံရုံး၊ သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရုံး ဝန်ကြီးတွေ ပေါ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတွေကို ပေါင်းပစ်ခဲ့သလို လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနတွေကိုလည်း တခုတည်း အဖြစ် ပူးပေါင်းလိုက်ပါတယ်။
နောက် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနတွေကိုလည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖြစ် ပေါင်းစည်းခဲ့ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော ဝန်ကြီးဌာနတွေကိုတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန သုံးခုကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ထူထောင်ခဲ့ပါတယ်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကတော့ ပညာရေး ဝန်ကြီးဌာနအောက်ကို ရောက်သွားပါတယ်။
အားကစားကလည်း ကျန်းမာရေး လက်အောက် ရောက်သွားပါတယ်။
အလုပ်သမား ဝန်ကြီးဌာနနဲ့ လူဝင်မှု ကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဝန်ကြီးဌာနတွေကိုလည်း ပူးပေါင်းခဲ့ပါတယ်။
လောလောဆယ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့အတွက် အခုလိုဝန်ကြီးဌာနတခု ထပ်မံဖွဲ့စည်းတာဟာ လက်တွေမှာ အလုပ်ဖြစ်နိုင်လားလို့ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ဒွိဟပွားနေကြပါတယ်။
NLD အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်မှု ပိုမိုလာရောက်ဖို့ ရင်းနှီးမြှုပ်နှံမှုဥပဒေ ကိုပြင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေ ဒီနှစ်ဆန်းစကလို့ လျော့ကျသွားခဲ့ပါတယ်။