ထောင်ဒဏ် ၇ နှစ်ပြစ်ဒဏ်ချခံခဲ့ရတဲ့ ရိုက်တာအမှု အယူခံတင်ပြီ

စက်တင်ဘာ ၃ ရက် နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/GETTY

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၃ ရက် နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်

နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ပြစ်ဒဏ်ချခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်တွေအမှုအတွက် အယူခံကို တိုင်းတရားလွှတ်တော်ကိုတင်သွင်းလိုက်ပြီလို့ ရိုက်တာသတင်းဌာနက ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှု အတွက် အချက်အလက်တွေ ရှာဖွေနေစဉ် စားသောက်ဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ခေါ်ယူခံခဲ့ ရပြီး အဲဒီမှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ တရားစွဲဆိုခံရပြီး စက်တင်ဘာ ၃ ရက် နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချမှတ်ခဲ့တဲ့ မူလရုံးရဲ့ စီရင်ချက်နဲ့ အမိန့်ဟာ ဥပဒေအရမှားယွင်းနေတယ် ဆိုတာ တွေ့ရတဲ့အတွက် အယူခံတင်သွင်းရတာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် Mr. Stephen J Adler က ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်ကလည်း

' ' အောက်ရုံးမှာတုန်းက အခြေအနေအတိုင်းတခုအထိ ရှုပ်ထွေးမှုရှိခဲ့တယ်။ နိုင်ငံအကြီးအကဲတွေ ကိုယ်တိုင်က ဒီကိစ္စအပေါ် ဝင်ရောက်ပြောဆိုတာတွေရှိခဲ့တော့ တရားသူကြီးအနေနဲ့ မလူးသာမလွန့်သာ အခြေအနေမျိုးရှိနိုင်တယ်။ အယူခံတရားရုံးမှာတော့ ပိုပြီးတော့ အချက်အလက်ပြည့်ပြည်စုံစုံနဲ့ တင်နိုင်မယ် လို့ '' မျှော်လင့်တယ်လို့ အယူခံတင်သွင်းခဲ့တဲ့အပေါ်ဘီဘီစီကိုပြောပါတယ်။

ကိုဝလုံး ဖမ်းဆီးတရားစွဲဆိုခံရစဉ်က ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးသည်ဖြစ်သူ မပန်းအိမွန်ဟာ ခင်ပွန်း ဖြစ်သူကိုပြစ်ဒဏ်မချခင် တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ၈ လဝန်းကျင်အတွင်းမှာပဲ သမီးမိန်းကလေး တစ်ဦး ကို ဖွားမြင်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။

' ' အခုကတော့ ကျွန်မတို့ကို ရိုက်တာက စောင့်ရှောက်ပေးထားတာပေါ့လေ။ဒါပေမယ့်လည်း ကလေးက အခုမှ ၂လပဲရှိသေးတယ်။ ပြီးခဲ့တဲ့ အခေါက်တုံးက နာရီဝက်ကျော်ကျော်လောက် သူနဲ့တွေ့ရတယ်။ သူ့သမီးလေးက သူ့အပေါ်နို့တွေအန်ချလိုက်တာ အဲဒီအင်္ကျီက ပြီးခဲ့တဲ့အပတ် စနေနေ့ကသွားတွေ့တဲ့အချိန်အထိ မလျှော်ဘူး။ သူ့သမီးလာမယ့်နေ့ကလည်း သူစိုက်ထားတဲ့ ပန်းတွေနဲ့ကြိုတယ်။ ဒီအမှုကို စရင်ဆိုင်ကတည်း က အကောင်းဆုံးကိုရမယ်လို့ မျှော်လင့်ထားတာက အခုချိန်အထိ အဲ့လိုမျှော်လင့်နေတုန်းပဲ။'' လို့ ကိုဝလုံး ရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က သူ့ခင်ပွန်းသည် ပြန်လွတ်လာဖို့ မျှော်လင့်နေဆဲခံစားချက်ကိုပြောပြပါတယ်။

ရိုက်တာသတင်းထောက်တွေရဲ့ မိသားစုဝင်တွေနည်းတူ သူတို့ကိုပြန်လွှတ်ပေးဖို့ ဥရောပ သမဂ္ဂ၊ ဗြိတိန်၊ အမေရိကန် နဲ့ ပြင်သစ် သံရုံးအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

ဒီအချိန်မှာ နိုင်ငံတော်အနေနဲ့ ကတိကဝတ်ပြုထားတဲ့ တရားဥပဒေစိုးမိုးရေး၊ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီနဲ့ဆိုင်တဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီအယူခံတင်တဲ့အဆင့်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ နည်းနဲ့ပဲဖြစ်ဖြစ် လွတ်ငြိမ်းခွင့်ပေးလိုက် တာမျိုး ဖြစ်သင့်တယ်လို့ ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ် Mr. Stephen J Adler က သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။