ရိုက်တာ အရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမှု ထိခိုက်မှု ရှိနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
ဇွန်လ ၁၁ ရက်နေ့က နိုင်ငံတော် လျှို့ဝှက် ဥပဒေ နဲ့ ဖမ်းဆီး တရားစွဲ ဆို ခံထား ရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ထပ်မံ ရုံးထုတ် စစ်ဆေး ခဲ့ရာမှာ တရားလိုဘက်က ထွက်ဆိုချက်တချို့ဟာ ကွဲလွဲနေပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ယောက် ဖြစ်တဲ့ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီး စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ထောက်ကြံ့စခန်းက ဒုရဲမှူးမြင့်လွင်ကို တရားရုံးမှာ တရားလိုပြ သက်သေအဖြစ် စစ်ဆေးခဲ့တာပါ။
ဒီလို စစ်ဆေးတဲ့အခါမှာ သတင်းထောက်တွေကို အောင်သပြေ စစ်ကြော ရေး စခန်းကို မခေါ်ဘဲ ထောက်ကြံ့ ရဲစခန်းမှာပဲ ထားခဲ့တယ်ဆိုတာကို ဒုရဲမှူး မြင့်လွင် ထွက်ဆိုခဲ့တာဟာ သတင်းထောက်တွေရဲ့ ထွက်ဆိုချက်နဲ့ ကွဲလွဲနေတယ်လို့ ရိုက်တာ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
သတင်းထောက် တွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ည ဆယ်နာရီလောက်မှာ အောင်သပြေ စစ်ကြောရေး စခန်း ကို ဖမ်းဆီးခေါ် ဆောင် သွားခဲ့တာ ဖြစ်ပြီး ရဲအုပ်မြင့်လွင် ကတော့ လုံးဝ ခေါ်ဆောင် ခဲ့ခြင်း မရှိဘူး ဆိုပြီး ထွက် ဆို ခဲ့တာပါ။
သတင်းထောက်တွေကို ဖမ်းဆီးစဉ်မှာ မြင့်လွင်ဟာ ရဲအုပ်အဆင့်သာရှိပြီး အခုဆိုရင် ဒုတိယ ရဲမှူးအဖြစ် ရာထူး တိုး ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အောင်သပြေစခန်းကို မခေါ်ဘူးဆိုတဲ့ ဒုရဲမှူး မြင့်လွင် ရဲ့ ထွက်ဆို ချက်တွေဟာ လုံးဝ မှန်ကန်မှု မရှိဘူးလို့လည်း ကိုဝလုံးက ရုံးထွက်အပြန်မှာ သတင်းမီဒီယာ တွေကို ပြောဆို သွားခဲ့ပါတယ်။
အောင်သပြေစစ်ကြောရေးစခန်းဟာ အရင်စစ်အစိုးရလက်ထက်က နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခဲ့ သူတွေကို စစ်ဆေးတဲ့ နေရာတခုလည်းဖြစ်ပါတယ်။
ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ် အင်းဒင်ရွာက လူသတ်မှုနဲ့ပတ်သက်ပြီး သတင်း ရေးသား ဖေါ်ထုတ်ဖို့ ကြိုးစားနေစဉ် အဖမ်းခံခဲ့ရတာပါ။
ဂျပန်သတင်းဌာန NHK နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည် က ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ် သတင်းလိုက်လို့ အဖမ်းခံရတာ မဟုတ်ဘူးလို့ ပြောဆိုသွားပေမယ့် အဲဒီသတင်းထောက်နှစ်ယောက်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်တယ်လို့ အခိုင်အမာပြောဆိုသွားပါတယ်။
အမှု စစ်ဆေးနေစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ပြောဆိုမှု ဟာ တရားရုံး အပေါ်မှာ လွှမ်းမိုးမှု နိုင်ရှိပြီး သူ့ရဲ့ အမှုသည် တွေ အတွက် စိုးရိမ် ပူပန် မိကြောင်း ရှေ့နေ့ ဦးသန်းဇော်အောင် က ဆိုပါတယ်။
ရိုက်တာ သတင်းထောက်အမှုနဲ့ ပတ်သက်လို့ အင်းဒင်ဆောင်းပါး အပါအဝင် တခြား စာရွက်စာတမ်းတွေဟာ အများသိပြီးသား သက်သေခံအဖြစ် တရားရုံး ကလက်ခံခဲ့ပြီးဖြစ်တဲ့အတွက် နိုင်ငံတော်လျှို့ဝှက် ချက် ဥပဒေ ကို ချိုးဖောက် တယ် မချိုးဖောက်ဘူးဆိုတာ တရားရုံးမှာ ဆက်လက် တင်ပြ သွားမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောခဲ့ပါတယ်။









