ရိုက်တာ သတင်းထောက်တွေရဲ့ ဖုန်းထဲက စာတွေဟာ လျှို့ဝှက်စာတွေ မဟုတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲ ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ ရုံးချိန်းမှာ တရားလိုပြ သက်သေ နည်းပညာ ရဲအရာရှိက သက်သေ အဖြစ် တင်ပြလာတဲ့ သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းထဲက စာရွက်စာတမ်းတွေဟာ လျှို့ဝှက် စာရွက်စာတမ်း မဟုတ်ပဲ အများပြည်သူ သိရှိပြီးသား အချက်အလက် တွေဖြစ်တယ်လို့ တရားရုံးက လက်ခံလိုက် ပါတယ်။
ဒါ့အပြင် တရားစွဲ ခံရချိန်က သူတို့ ရေးသားနေတဲ့ မောင်တော၊ အင်းဒင် ကျေးရွာ ဆောင်းပါးကိုလည်း သက်သေခံချက် အဖြစ် တရားရုံးက လက်ခံ လိုက်ပါ တယ်။
CID မှုခင်း ရဲတပ်ဖွဲ့ နည်းပညာ စစ်ဆေးရေးရဲ အောင်ကျော်ဆန်းကို ၆ ကြိမ်မြောက် စစ်ဆေးမှု အဖြစ် ခေါ်ယူ စစ်ဆေး ရာမှာ သူတင်ပြထားတဲ့ စာရွက် စာတမ်းတွေဟာ လျှို့ဝှက် စာရွက်စာတမ်းတွေ မဟုတ်ကြောင်း သတင်းထောက်တွေရဲ့ ရှေ့နေတွေက ပြန်လည် တင်ပြခဲ့တာကို တရားရုံးက လက်ခံခဲ့တာ ဖြစ်ပါတယ်။
ရဲ အောင်ကျော်ဆန်းဟာ သတင်းထောက်တွေကို ဖမ်းဆီးချိန်မှာ လက်ဝယ် တွေ့ခဲ့တဲ့ လက်ကိုင် ဖုန်းတွေကို ထိန်းသိမ်း စစ်ဆေးခဲ့တဲ့ နည်းပညာ ရဲအရာရှိ ဖြစ်ပြီး ရိုက်တာ သတင်းထောက် ၂ ယောက်ရဲ့ ဖုန်းတွေကို IT နည်းပညာနဲ့ စနစ်တကျ စစ်ဆေးခဲ့ ကြောင်းလည်း သူက ထွက်ဆိုထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ရဲမှူး အောင်ကျော်ဆန်းက တရားရုံးကို သက်သေအဖြစ် တင်ပြလာတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေဟာ သူတို့တွေ ကိုယ်တိုင် မမြင် မတွေ့ဖူးတဲ့ စာရွက် စာတမ်းတွေ ဖြစ်ပြီး ဖေ့ဘွတ်၊ မက်ဆင်ဂျာတွေကနေ ရောက်လာတဲ့ စာရွက် စာတမ်းတွေ ဖြစ်နိုင်တယ်လို့ သတင်းထောက် ကိုဝလုံးက ပြောပါတယ်။
သတင်းထောက်တွေ ရေးသားခဲ့တဲ့ အင်းဒင်ရွာက လူသတ်မှု ဆောင်းပါးကို သက်သေခံ အဖြစ် တရားရုံးက အခုလို လက်ခံလိုက်တဲ့ အတွက် သူတို့ လုပ်ဆောင် ခဲ့တဲ့ အမှန်တရားတွေ မကြာခင် ပေါ်လာတော့မယ်လို့ ကိုဝလုံးက ရုံးထုတ် စစ်ဆေး ခံယူမှု အပြီးမှာ သတင်းသမားတွေကို ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီး ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ဟာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆို ခံခဲ့ရအပြီး မြောက်ပိုင်း ခရိုင် တရားရုံးမှာ ၂၄ ကြိမ်မြောက် ရုံးထုတ် စစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။
ကျန်နေသေးတဲ့ တရားလိုပြ သက်သေ ၃ ဦးထဲက အမှုစစ် ရဲအရာရှိ ၁ ဦးကို လာမယ့် ရုံးချိန်းမှာ စတင် စစ်ဆေးမယ်လို့ ရှေ့နေတွေက ပြောပါတယ်။








