အင်းစိန်ကဆရာဝန်တယောက် ဆေးကုနေစဉ် ဓားထိုးခံရလို့ သေဆုံး

အင်းစိန်က ဆေးခန်းတခုမှာ လူနာကိုဆေးကုနေတဲ့ ဆရာဝန်ကို လူတယောက်က အနောက်ကနေ ဓားနဲ့ထိုးလို့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဒေါက်တာထွန်းလွင် (အသက် ၇၁ နှစ်) ဟာ ဆေးခန်းလာပြတဲ့ သံဃာတစ်ပါးကို ဆေးကုသပေးနေချိန်မှာ ပြစ်မှုကျုးလွန်သူက အနောက်ကနေ ဆရာဝန်ရဲ့လည်ပင်းကို ဓားနဲ့ထိုးစိုက်သတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"အခင်းဖြစ်ချိန်က ဆေးခန်းမှာ လူရှင်းနေတယ်၊ အကူသူနာပြုကလည်း စမ်းသပ်ခန်းအတွင်း ရှိမနေတဲ့အချိန်မှာ အဲဒီလူက ရုတ်တရက်ဝင်လာပြီး ဓားနဲ့ထိုးတာ၊ ပြီးတော့ထွက်ပြေးသွားတာကို လူတွေနောက်က ပြေးလိုက်ဖမ်းတာ မမိလိုက်ဘူး။ ဆေးခန်းလာပြတဲ့ ဘုန်းဘုန်းရဲ့ကားနဲ့ပဲ ဆေးရုံကို ခေါ်သွားပေမယ့် လမ်းမှာ ဆုံးသွားတာ" လို့ ဆေးခန်း တည်ရှိတဲ့ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဦးအောင်က ဘီဘီစီကို ပြောပါတယ်။

ကျုးလွန်သူဟာ အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်းလုပ်ကိုင်တဲ့ ဘိုဘို (ခ) လွင်ဘိုဘိုကျော်မြင့် ဆိုသူဖြစ်ပြီး ထောင်ကလွတ်လာတာ ၄ ရက်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ကျုးလွန်သူ ဘိုဘို (ခ) လွင်ဘိုဘိုကျော်မြင့်ကို အင်းစိန်၊ ရွာမရဲစခန်းမှာ ဖမ်းထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (ပ) ၂၀၄၄/ ၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ အင်းစိန် မြို့မရဲစခန်းရဲ့ တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

" ဖြစ်ဖြစ်ချင်း သူကို သွားဖမ်းတာ မတွေ့ရတော့ သူရဲ့အဖေကို စခန်းခေါ်လာပြီး စစ်ဆေးတယ်။ အဲဒါကို သူ့အစား အဖေကိုဖမ်းသွားတယ်ဆိုပြီး ကိုယ်တိုင်စခန်းမှာ လာအဖမ်းခံတာ"လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။

ဒေါက်တာထွန်းလွင်ဟာ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ (၁) လမ်းမှာ လင်းဆေးခန်းကို ဖွင့်ထားတာ နှစ် ၂၀ နီးပါရှိပြီလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ဒေါက်တာထွန်းလွင်ရဲ့ ဆေးခန်းမှာ အရင်ကလည်း ပြသနာရှာခဲ့ဖူးပြီး နှစ်ဦးအကြား အမှုနှစ်မှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဦးအောင်က ပြောပါတယ်။

ဒေါက်တာထွန်းလွင်ဟာ ၁၉၈၈ အရေးအခင်း ဖြစ်ချိန်က အကျဉ်းဦးစီးဌာနမှာ အကျဉ်းထောင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကုသကူညီပေးနေသူ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေက ပြောပါတယ်။

ဒါ့အပြင် ဒေါက်တာထွန်းလွင်ဟာ အင်းစိန်အကျဉ်းထောင်ရှေ့မှာ လင်းလက်ဖက်ရည်ဆိုင်ကို ဖွင့်ထားပြီး အဲဒီလက်ဖက်ရည်ဆိုင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆုံရပ်လည်း ဖြစ်တယ်လို့ သူတို့တွေက ပြောပါတယ်။