ရိုဟင်ဂျာအရေး တာဝန်ခံမှု နိုင်ငံတကာဘက်ကလည်း ယူဖို့လိုတယ်လို့ မြန်မာပြော

ရိုဟင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar/MNA

ဓာတ်ပုံ ပုံစာ, ဦးကျော်တင့်ဆွေရဲ့ မိန့်ခွန်းပြောကြားချက်ကို နိုင်ငံတကာ ခေါင်းဆောင် အသီးသီးက အလေးထား လက်ခံတဲ့ သဘောရှိတယ်လို့ ဦးဟောက်ဒိုစွမ်းက ပြော

ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ကုလသမဂ္ဂရဲ့ တွန်းအားပေးချက်ကို ပယ်ချပြီး တာဝန်ယူမှု တာဝန်ခံမှုဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ ဆိုင်တယ်လို့ မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၈ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေမှာ ပြည်ပက လူ့အခွင့်အရေး ရှုထောင့်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပေမယ့် ပြည်တွင်း က နိုင်ငံသမိုင်း လိုအပ်ချက် အရ လုပ်ဆောင်နေရပြီး ဒီကိစ္စဖြေရှင်းဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း အဓိကထား ပြောခဲ့ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ဦးကျော်တင့်ဆွေရဲ့ မိန့်ခွန်းပြောကြားချက်ကို နိုင်ငံတကာ ခေါင်းဆောင် အသီးသီးက အလေးထား လက်ခံတဲ့ သဘောရှိတယ်လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

အသံဖိုင် ပုံစာ, မြန်မာ့အရေးနဲ့ ကုလအထွေထွေညီလာခံ မေးမြန်းခန်း

ဒါပေမယ့် ဦးကျော်တင့်ဆွေ မိန့်ခွန်းပြောတဲ့နေ့မှာပဲ အလားတူ မိန့်ခွန်းပြောခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကတော့ ပြီးခဲ့တဲ့ ၂၀ဝ၃ ခုနှစ်က သူနောက်ဆုံး ကုလ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောခဲ့ပြီးနောက်ပိုင်း ကမ္ဘာကြီးရဲ့ အခြေအနေ ပိုဆိုးလာတဲ့ အထဲမှာ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတာလည်း ပါဝင်ပြီး နိုင်ငံတကာက ကြားဝင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ထားပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ အခြေအနေက ဒီနှစ် ဇန်နဝါရီလထဲက အသင့်ဖြစ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က မလွှတ်သေးတာ ဖြစ်ကြောင်း မြန်မာဘက်က ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ အခြေအနေက ဒီနှစ် ဇန်နဝါရီလထဲက အသင့်ဖြစ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က မလွှတ်သေးတာ ဖြစ်ကြောင်း မြန်မာဘက်က ဆွေးနွေး

ဒါပေမယ့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ဒုတိယ အကြီးအကဲ Ursula Mueller ကတော့ မြန်မာအစိုးရဟာ ရိုဟင်ဂျာ ဒုက္ခသည် ၇၂၅၀ဝ၀ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရစေတဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တိတိကျကျ ဖော်ထုတ် မရှင်းလင်းသေးတဲ့အတွက် အဲဒီ ဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ဖို့ မသင့်တော်သေးဘူးလို့ အဲဒီ စက်တင်ဘာလ ၂၇ ရက်နေ့မှာပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးအတွင်း ပြောကြာထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းလောက်ကို အတင်းအကြပ် သီးသန့် ခွဲခြားထားပြီး လက်မခံနိုင်စရာ အခြေအနေမှာ ထားတာတွေကိုလည်း မြန်မာအစိုးရက ပယ်ဖျက်ဖို့ မစ္စ Mueller က ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကလည်း မြန်မာနိုင်ငံနဲ့ ဒုက္ခသည် ပြန်ပို့ဖို့ ကိစ္စ ဆွေးနွေးရာမှာ နှစ်ဖက် သဘောတူညီမှုတွေ ရပေမယ့် လက်တွေ့ လုပ်ဆောင်မှုမရှိပဲ အကြောင်းပြချက်တွေ အမျိုးမျိုးပြနေတယ်လို့ ကုလအထွေထွေ ညီလာခံ ကာလအတွင်း ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

ရိုဟင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, URSULA MUELLER TWITTER

ဓာတ်ပုံ ပုံစာ, ရခိုင်ဒေသကို ကိုယ်တိုင်လာရောက်ခဲ့ဖူးတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ဒုတိယ အကြီးအကဲ Ursula Mueller ကတော့ ဒုက္ခသည်တွေ ထွက်ပြေးရစေတဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တိတိကျကျ ဖော်ထုတ် မရှင်းလင်းသေးတဲ့အတွက် မြန်မာနိုင်ငံပြန်ဖို့ မသင့်တော်သေးဘူးလို့ ပြော

မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပေယိုနဲ့လည်း သီးခြား တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ပို့ရေးကိစ္စနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက် ပူးပေါင်း ကူညီသွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးဟောက်ဒိုစွမ်းက ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောလို့မရဘူးလို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဦးဟောက်ဒိုစွမ်း ပြောခဲ့တဲ့ အချက်တွေ အပြင် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ရိုဟင်ဂျာ အစီအရင်ခံစာနဲ့တကွ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့နဲ့ ထောင်ကျသွားတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပြီး သတင်းလွတ်လပ်ခွင့် မြှင့်တင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မစ္စတာ ပွန်ပေယို ကိုယ်တိုင်က ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ရှိ မရှိ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို တုံ့ပြန် မဖြေဆိုပဲ နေခဲ့

အခုလို ရိုဟင်ဂျာကိစ္စမှာ အရေးယူဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပွန်ပေယိုက တိုက်တွန်းခဲ့တယ်ဆိုပေမယ့် သူ့ဌာနရဲ့ ရိုဟင်ဂျာအရေး အစီအရင်ခံစာ ထုတ်ပြန်ရာမှာတော့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိ မရှိ အဆုံးအဖြတ်ပေးဖို့ ကိစ္စကို အပြင်းအထန် အငြင်းပွားခဲ့ရပြီး အဲဒီ ဆုံးဖြတ်ချက် မထည့်သွင်းပဲ ထုတ်ပြန်ခဲ့ရတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မစ္စတာ ပွန်ပေယို ကိုယ်တိုင်ကလည်း ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ရှိ မရှိ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို တုံ့ပြန် မဖြေဆိုပဲ နေခဲ့ပါတယ်။

အသံဖိုင် ပုံစာ, မျန္မာဘက္က ဘယ္လိုတုံ့ပျန္မလဲ