ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ အပေါ် မြန်မာအစိုးရ တုံ့ပြန်
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ သြဂုတ်လ ၂၇ ရက်နေ့ထုတ် အစီရင်ခံစာဟာ ရခိုင်ပြည်နယ်နဲ့ နိုင်ငံတဝန်းမှာ စိတ်ဝမ်းကွဲမှုနဲ့ အယုံအကြည် ကင်းမဲ့မှုတွေကိုသာ ပိုမို ဖြစ်ပေါ်စေမှာ ဖြစ်တယ်ဆိုတာကို မြန်မာ အစိုးရအနေနဲ့ ဝမ်းနည်းဖွယ် တွေ့ရတယ်ဆိုပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ အချက်အလက်ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းမှုကို မြန်မာ အစိုးရက ပယ်ချခဲ့ပြီး အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို လက်ခံမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ အဖွဲ့ရဲ့ တည်ထောင်မှု၊ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်တွေဟာ သမာသမတ် မရှိစေနိုင်သလို ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ရေရှည်တည်တံ့တဲ့ အဖြေတွေ ရှာဖွေနေတဲ့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုပါ အဟန့်အတား ဖြစ်လာစေနိုင်မှာကို စိုးရိမ်ဖွယ် ဖြစ်ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်ပိုင်း တာဝန်ရှိသူ ၆ဦးကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ နိုင်ငံတကာ စစ်ရာဇဝတ် တရားရုံးမှာ စစ်ဆေးသင့်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။