ဖာပွန်ခရိုင် တိုက်ပွဲကြောင့် ရွာသား နှစ်ရာကျော် မြိုင်ကြီးငူကို ထွက်ပြေး

လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသ

ဖာပွန်ခရိုင် တိုက်ပွဲကြောင့် ကာညီနောင်ကျေးရွာသား ၂၅၆ ဦး ဟာ သြဂုတ် ၂၉ ရက် မနက်ပိုင်းက လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူကို ထွက်ပြေးလာကြတယ်လို့ မြိုင်ကြီးငူ ဒုက္ခသည်စခန်း တာဝန်ခံ ဦးစောထွန်းက ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေအကြား သြဂုတ်လ ၂၈ နဲ့ ၂၉ ရက် မနက်ပိုင်းတွေမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက်တပ်အကြား ထိခိုက် ဒဏ်ရာတာတွေ ရှိတာကို ကြားရတယ်လို့ ရွာသားတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့အနားက ရွာတွေမှာ နေထိုင်ကြတဲ့ ရွာခံတွေက သတိနဲ့နေထိုင် သွားလာရပြီး တိုက်ပွဲ အရှိန် မြင့်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံရွာသားဖြစ်တဲ့ စောကျော်ဖိုးက ပြောပါတယ်။

သြဂုတ်လ ၃၀ ရက် မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမယ့် ရွာနားမှာ အစိုးရစစ်တပ်နဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့တွေ ရှိနေသေးလို့ ရွာခံတွေက သူတို့ရွာတွေဆီ မပြန်ရဲကြသေးတာ ဖြစ်တယ်လို့ ဦးစောထွန်းက ဆိုပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တောတွင်းတနေရာမှာတွေ့ရတဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, တောတွင်းတနေရာမှာတွေ့ရတဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်များ

သြဂုတ်လ ၂၉ ရက် မနက်ပိုင်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်တပ်ဖွဲ့က ကေအန်ယူတပ်မဟာ ၅ နယ်မြေထဲ ဝင်လာလို့ တိုက်ပွဲဖြစ်ပွားရတာ ဖြစ်တယ်လို့ မြဝတီမြို့မှာရှိတဲ့ ကေအန်ယူ ဆက်ဆံရေးရုံး တာဝန်ရှိသူ စောအယ်ထီးက ဘီဘီစီကို ပြောခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီးသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။