ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲဖြစ်လို့ ရွာသားတွေ စိုးရိမ်နေကြ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ပုဇွန်မြောင်း ကျေးရွာအုပ်စုအနားမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်ဖွဲ့နဲ့ မြန်မာတပ်မတော်တပ်ဖွဲ့အကြား ပစ်ခတ်မှုတွေ နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။
သြဂုတ်လ ၂၈ နဲ့ ၂၉ ရက် မနက်ပိုင်းမှာ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်နဲ့ တပ်မတော်စစ်သားတွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့အနား က ရွာသူရွာသားတွေလည်း သတိနဲ့နေထိုင်သွားလာရပြီး တိုက်ပွဲ အရှိန်မြင့်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံရွာသား စောကျော်ဖိုး က ပြောပါတယ်။
မနေ့ကတစ်ကြိမ်ဖြစ်တယ်။ မိနစ်ပိုင်းလောက်ပဲကြာတယ်။ ဒီနေ့မနက် ၇ နာရီ ဝန်းကျင်လောက်က ထပ်ဖြစ်တယ်။ ပိုကြီးတယ်။ ပုဇွန်မြောင်းရွာအောက်နားနဲ့ နို့ထရွာ အနားတစ်ဝိုက်မှာဖြစ်တာ။ ရွာသားတွေကလည်း သုံးလေးအိမ်တစ်စု စုပြီး ကတုတ်ကျင်းထဲနေကြတယ်။ အခြေအနေကတော့ မကောင်းဘူးလို့ စောကျော်ဖိုး က ပြောပါတယ်။
သြဂုတ်လ ၂၉ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေစဖြစ်ပွားခဲ့ပြီး တပ်မတော်တပ်ဖွဲ့က ကေအန်ယူတပ်မဟာ ၅ နယ်မြေထဲဝင်လာလို့ တိုက်ပွဲဖြစ်ပွား ရတာဖြစ်တယ်လို့ မြဝတီမြို့မှာရှိတဲ့ ကေအန်ယူဆက်ဆံရေးရုံးက တာဝန်ရှိသူ စောအယ်ထီး က ပြောပါတယ်။
တပ်မ ၄၄ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ကေအန်ယူနယ်မြေထဲကို ပစ်ထည့်တယ်လို့ သတင်းရတယ်။ အဲဒီနေရာက ကေအန်ယူတပ်မဟာ ၅ နဲ့ တပ်မဟာ ၇ နယ်မြေအစပ်ဖြစ်တယ်။ အဲဒီနေရာက ဒီကေဘီအေခွဲထွက်အဖွဲ့ကို တက်ရှင်းဖို့ တပ်မတော်တပ်ဖွဲ့က အကြောင်းပြတာတယ်လို့ စောအယ်ထီး က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ဒီနှစ် မတ်လအစောပိုင်းကလည်း ကရင်ပြည်နယ်ဖာပွန်ခရိုင်မှာ ကားလမ်းဖောက်ဖို့ တပ်မတော်က တပ်ရင်းတွေတိုးချဲ့လာလို့ ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအန်ယူဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အန်စီအေ ကို လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။




