တပ်မတော် ကာချုပ် ဖေ့ဘွတ်ခ် page အပိတ်ခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ မြဝတီ တို့ရဲ့ သတင်း ပြန်ကြားရေး စာမျက်နှာတွေ အပါအဝင် ပုဂ္ဂိုလ် တဦးချင်းနဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ရဲ့ အကောင့်တွေကို ဖေ့ဘွတ်ခ်ပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ ဖေ့ဘွတ်ခ်က ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ရခိုင်ဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှု၊ လူအမြောက်အများ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့တယ် ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင် ၆ဦးကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ ရုံးတင်စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြခဲ့အပြီး အခုလို ထုတ်ဖော် ကြေညာလိုက်တာပါ။

ဒီ့မတိုင်ခင်ကလည်း ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းအမှား သတင်း အတုတွေ တင်ခဲ့တဲ့ ပေ့ချ် ၄၆ခုနဲ့ အကောင့် ၁၂ ခုတို့ကိုလည်း ဖေ့ဘွတ်ခ်ပေါ်ကနေ ဖယ်ရှားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေ့ဘွတ်ကို မလျော်မကန် အသုံးပြုနေမှု၊ အမုန်းတရားနဲ့ သတင်းတု သတင်းမှားတွေ ဖြန့်ဝေနတာကို တားဆီးဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖေ့ဘွတ်ခ်ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေနဲ့ အကောင့် နမူနာတွေကို လည်း ဖေ့ဘွတ်ခ်ရဲ့ ကြေညာချက်အောက်မှာ ပုံနဲ့ တကွ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ က မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ အထောက်အထားတွေ ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ မြင့်တက်လာအောင် Facebook ရဲ့ ဝန်ဆောင်မှုတွေကို အသုံးချနေတာကို မလိုလားတဲ့အတွက် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

အမုန်း တရား တွေ ဖြန့်ဝေ နေမှု ကို ု တားဆီးတဲ့ အနေနဲ့ Facebookပေါ်က Account ၁၈ ခုနဲ့ Page ၅၂ ခု၊ Instagram က Account တစ်ခုကို ပိတ်သိမ်းလိုက်ကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ရဲ့ Page နဲ့ အတူ မြဝတီ ရုပ်မြင်သံကြားရဲ့ Pageတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ကိုလည်း Facebook အသုံးပြုပိုင်ခွင့် ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

Facebook အနေနဲ့ သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ရှေ့ရှု ဆောင်ရွက် နေပြီး လူမှုကွန်ရက် ကို အသုံးချပြီး မဆီလျော်တဲ့ အပြုအမှု နဲ့ သုံးစွဲ တားဆီး ဟန့်တားဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ပါတယ်။

Facebookရဲ့ ထုတ်ပြန်ချက်မှာတော့ ပိတ်ပင်လိုက်တဲ့ Pageနဲ့ Accountတချို့ရဲ့ Screenshot မှတ်တမ်းတွေကိုပါ ထည့်သွင်း ဖော်ပြ ခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းကစပြီး အဲဒီစာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုလို့မရတော့ ပါဘူး။

Facebook ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီစာမျက်နာတွေနဲ့ အကောင့်တွေဟာ Facebook ရဲ့ Community Standards နဲ့ မကိုက်ညီတာကြောင့် ဖျက်သိမ်းလိုက်တာ လို့ ဖော်ပြထားတာပါ။