ရိုက်တာသတင်းထောက်အမှု စက်တင်ဘာ ၃ ရက်နေ့ ပြန်ချိန်း

ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်တော့မယ်လို့ ကြေညာထားပေမယ့် စက်တင်ဘာ ၃ ရက်နေ့မှ အမိန့်ချဖို့ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုလိုက်တယ်လို့ အဲဒီကို သွားရောက် သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။
ဒီကနေ့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ကို တရားရုံးကို ရုံးထုတ်လာစဉ်မှာတော့ အမိန့်က အဆင်သင့်ဖြစ်နေပြီ ဒါပေမယ့် တရားသူကြီး ဦးရဲလွင်က သြဂုတ်လ ၂၄ ရက်နေ့ကတည်းကဖျားနေတာကြောင့် တရားရုံးမလာနိုင်ဘူး။ ဒီလိုရက်ချိန်းထပ်ရွှေ့လိုက်တာဟာ ရိုက်တာသတင်းထောက်တွေ ထောင်ထဲမှာချုပ်ရက် ထပ်ပြီးကြာနေတာကြောင့် သတင်းထောက်တွေ နစ်နာတယ်လို့ ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင် ကပြောပါတယ်။
' ' ဒီကနေ့ အပြီးသတ်အမိန့်ချမယ်ဆိုလည်း ကျွန်တော်တို့ဘက်မှာ အမှန်တရားရှိတဲ့အတွက် မကြောက် ပါဘူး'' လို့ ကိုဝလုံးက ဒီကနေ့ ရုံးထုတ်ကို ရောက်လာစဉ်မှာ ပြောပါတယ်။
ဒီကနေ့ ရုံးထုတ်ကို လုံခြုံရေးတွေ တင်းကျပ်စွာချထားတာကိုတွေ့ရပြီး ပြည်တွင်းပြည်ပ သတင်းဌာန အများအပြားလည်း သတင်းယူဖို့လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။ အမေရိကန်သံအမတ် မာစီရယ်လ်လည်း တရားရုံးအမိန့်ကို စောင့်ကြည့်ဖို့ ရောက်ခဲ့တယ်လို့ အင်းစိန်တရားရုံးကို သွားရောက် သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAYLINN/BBC BURMESE
ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်လို့ ရဲအရာရှိတွေနဲ့ တွေ့ဆုံဖို့သွားရင်း ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
စဖမ်းထားစဉ်တုန်းက သတင်းထောက်နှစ်ယောက်ကို ဘယ်မှာထိန်းသိမ်းထားသလဲဆိုတာ မသိခဲ့ရသလို မိသားစုရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။
၂၀၁၇ သြဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းမှာ ရှိတဲ့ ရဲကင်းစခန်း ၃၀ကျော်ကို အာဆာအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လုံခြုံရေး အရ ရှင်းလင်းရာက အစပြုလို့ သိန်းနဲ့ချီတဲ့ လူတွေ အိမ်နီးချင်း တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာက မြန်မာ အရေးကို စိတ်ဝင်စားနေချိန်မှာ ရိုက်တာ သတင်းထောက်နှစ်ယောက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက် အဖမ်းခံခဲ့ရတာဟာ အင်းဒင်မှာ အသတ်ခံခဲ့ရတာကို စုံစမ်းလို့ အဖမ်းခံခဲ့ရတာလို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ သူတို့ နှစ်ယောက်ကို တရားရုံးထုတ်ခဲ့ပြီး ရမန် နှစ်ပတ် ယူခဲ့ကြ ပါတယ်။
သူတို့ နှစ်ယောက်ကို အာမခံ မပေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ 'ကျနော်တို့ရဲ့ သတင်းမီဒီယာ စတုတ္တမဏ္ဍိုင်ကို အကာအကွယ်ပေးပါ၊ အမှန်တရား ဖော်ထုတ်ဖို့လုပ်ရင်း ကျနော်တို့ ဒီလိုအခြေအနေ ဖြစ်သွားရတာပါ ၊ ကျနော်တို့ နောက်ကွယ်မှာ အမှန်တရား အများကြီးရှိနေပါတယ်လို့ ' ဖမ်းဆီးခံ သတင်းထောက်တယောက်ဖြစ်တဲ့ ကိုကျော်စိုးဦးက ပြောပါတယ်။
နောက်ပိုင်းမှာ သတင်းထောက်တွေကို ရုံးထုတ်ပြီး တရားလိုတွေကို အပြန်အလှန် စစ်ဆေးခဲ့ကြပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အင်းဒင်ရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၂ဝ၁၈ ဇန်နဝါရီ ၁၀ ရက် မှာ သတင်းထုတ်ပြန်လာခဲ့တာမှာ သူတို့အသုံးအနှုန်းအရ ဘင်္ဂါလီအကြမ်းဖက် သမား ၁ဝ ယောက်ကို အင်းဒင်မှာ သတ်ဖြတ်ခဲ့မှုထဲ အရပ်သားတွေနဲ့ အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ ပြောလာပါတယ်။
အဲဒီနောက်မှာတော့ ရိုက်တာ သတင်းထောက် နှစ်ယောက် ပါဝင် ရေးသားခဲ့တဲ့ အင်းဒင် လူသတ်မှုနဲ့ ဆိုင်တဲ့ သတင်းဆောင်းပါးကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၁၀ ရက်နေ့ မှာတော့ ကျူးလွန်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ဒီအမှုကို နိုင်ငံတကာက ပိုမို စိတ်ဝင်စားခဲ့သလို ဗြိတိန် ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ တို့ကလည်း ရိုက်တာ သတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီလို အခြေအနေမှာ မောင်တော အင်းဒင် ကင်းစခန်းမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရိုက်တာ သတင်း ထောက်တွေနဲ့ တွေ့ဆုံခဲ့လို့ ရဲတပ်ကြပ် ခင်မောင်လင်း အပါအဝင် တခြား ရဲဝန်ထမ်း လေးယောက်ခေါ်ယူ ထိန်းသိမ်း စစ်ဆေးခံခဲ့ရပါတယ်။ ထိန်းသိမ်းစစ်ဆေးခံရတဲ့ရဲအရာရှိတွေထဲကတဦးဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို တရားလိုသက်သေအဖြစ် တရားရုံးမှာ တင်သွင်းလာခဲ့ရာမှာ ဒီသတင်းထောက်တွေကို ထောင်ချောက် ဆင် ဖမ်းဆီးတာလို့ ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။
ရဲဝန်ထမ်း လေးယောက်ကလဲ နောက်ပိုင်းမှာ လွတ်မြောက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ ဒုရဲမှူး မိုးရန်နိုင်က ဆက်လက် ထိန်းသိမ်း ခံနေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သတင်းထောက်တွေဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတဲ့ အဲဒီ ထွက်ဆိုမှုကြောင့် သတင်း ထောက် နှစ်ယောက် အလားအလာ ကောင်းလာနိုင်တယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်တနှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ဟာ Reuters ကချီးမြှင့်တဲ့ Baron သတင်းသမားဆု အပါအဝင် စာပေနဲ့ စာနယ်ဇင်း တိုးတက်ရေး Pan America အဖွဲ့ရဲ့ စာပေ လွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် အမျိုးသား စာနယ်ဇင်း ကလပ်ရဲ့ အိုဗာတွန်စာနယ်ဇင်း လွတ်လပ်ခွင့် ဆုတွေ ချီးမြှင့် ခံခဲ့ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုမှု မြင့်မားလာခဲ့ပါတယ်။
ဒါပေမယ့် ဇွန်လ ၈ရက်နေ့မှာ NHK သတင်းဌာနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အင်တာဗျူးမှာ ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ အဖမ်းခံထားရတာ ဖြစ်တဲ့အတွက် သူတို့အပြစ်ရှိမရှိဆိုတာ တရားရုံးက ဆုံးဖြတ်ပါလိမ့် မယ်လို့ ပြောခဲ့ပါတယ်။











