ရိုက်တာသတင်းထောက်နှစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်တဲ့ အထင်ကရ ဖြစ်ရပ်များ

ဓာတ်ပုံ ရင်းမြစ်, Reuters
Reuters သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ အဖမ်းခံထားရတာ ကိုးလနီးပါး ရှိလာပါပြီ။
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ ဒီသတင်းထောက် နှစ်ယောက်ရဲ့ အမှုကို သြဂုတ်လ ၂၇ ရက်မှာ အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်လို့ ရဲ အရာရှိတွေနဲ့ တွေ့ဆုံဖို့ သွားရင်း ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက သတင်းထောက် နှစ်ယောက် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
စဖမ်းထားစဉ်တုန်းက သတင်းထောက်နှစ်ယောက်ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ ဆိုတာ မသိခဲ့ရသလို မိသားစု ရှေ့နေတွေနဲ့လည်း တွေ့ခွင့် မရခဲ့ပါဘူး။
၂၀၁၇ သြဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းမှာ ရှိတဲ့ ရဲကင်းစခန်း ၃၀ကျော်ကို အာဆာ အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လုံခြုံရေး အရ ရှင်းလင်းရာက အစပြုလို့ သိန်းနဲ့ချီတဲ့ လူတွေ အိမ်နီးချင်း တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာက မြန်မာ အရေးကို စိတ်၀င်စားနေချိန်မှာ ရိုက်တာ သတင်းထောက်နှစ်ယောက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက် အဖမ်းခံခဲ့ရတာဟာ အင်းဒင်မှာ အသတ်ခံခဲ့ရတာကို စုံစမ်းလို့ အဖမ်းခံခဲ့ရတာလို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။
၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ သူတို့ နှစ်ယောက်ကို တရားရုံးထုတ်ခဲ့ပြီး ရမန် နှစ်ပတ် ယူခဲ့ကြပါတယ်။
သူတို့ နှစ်ယောက်ကို အာမခံ မပေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့တာ အခုဆိုရင် ကိုးလနီးပါးရှိလာပြီ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ 'ကျနော်တို့ရဲ့ သတင်းမီဒီယာ စတုတ္တမဏ္ဍိုင်ကို အကာအကွယ်ပေးပါ ၊ အမှန်တရား ဖော်ထုတ်ဖို့ လုပ်ရင်း ကျနော်တို့ ဒီလို အခြေအနေ ဖြစ်သွားရတာပါ ၊ ကျနော်တို့ နောက်ကွယ်မှာ အမှန်တရား အများကြီး ရှိနေပါတယ်လို့ ' ဖမ်းဆီးခံ သတင်းထောက် တယောက် ဖြစ်တဲ့ ကိုကျော်စိုးဦး က ပြောပါတယ်။
နောက်ပိုင်းမှာ သတင်းထောက်တွေကို ရုံးထုတ်ပြီး တရားလိုတွေကို အပြန်အလှန် စစ်ဆေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကာကွယ်ရေးဦးစီးချုပ်ရုံး
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အင်းဒင်ရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၂ဝ၁၈ ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန် လာခဲ့တာမှာ သူတို့ အသုံးအနှုန်းအရဘင်္ဂါလီအကြမ်းဖက် သမား ၁ဝ ရောက်ကို အင်းဒင်မှာ သတ်ဖြတ်ခဲ့မှုထဲ အရပ်သားတွေနဲ့ အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ ပြောလာပါတယ်။
အဲဒီနောက်မှာတော့ ရိုက်တာ သတင်းထောက် နှစ်ယောက် ပါဝင် ရေးသားခဲ့တဲ့ အင်းဒင် လူသတ်မှုနဲ့ ဆိုင်တဲ့ သတင်းဆောင်းပါးကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၁၀ ရက်နေ့ မှာတော့ ကျူးလွန်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ယောက်ကို ထောင်ဒဏ် ၁၀နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ဒီအမှုကို နိုင်ငံတကာက ပိုမို စိတ်ဝင်စားခဲ့သလို ဗြိတိန် ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ တိုကလည်း ရိုက်တာ သတင်းထောင် နှစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီလို အခြေအနေမှာ မောင်တော အင်းဒင် ကင်းစခန်းမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရိုက်တာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့လို့ ရဲတပ်ကြပ် ခင်မောင်လင်း အပါအဝင် တခြား ရဲဝန်ထမ်း လေးယောက်ခေါ်ယူ ထိန်းသိမ်း စစ်ဆေးခံခဲ့ရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို တရားလို သက်သေ အဖြစ် တရားရုံးမှာ တင်သွင်းလာခဲ့ရာမှာ ဒီသတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီး တာလို့ ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။
ရဲဝန်ထမ်း လေးယောက်ကလဲ နောက်ပိုင်းမှာ လွတ်မြောက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ ဒုရဲမှူး မိုးရန်နိုင်က ဆက်လက် ထိန်းသိမ်း ခံနေရတယ်လို့ ဆိုပါတယ်။
သတင်းထောက်တွေဟာ ထောင်ချောင်ဆင် ဖမ်းဆီး ခံရတယ်ဆိုတဲ့ အဲဒီ ထွက်ဆိုမှုကြောင့် သတင်းထောက် နှစ်ယောက် အလားအလာ ကောင်းလာနိုင်တယ်လို့ သူတို့ရဲ့ ရှေ့နေဦးသန်းဇော်အောင်က ပြောပါတယ်။
နောက်ပိုင်းမှာ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်တနှစ် ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။
ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ အမှုကို ဆက်လက် စစ်ဆေးခဲ့ရာမှာ တရားရုံး စစ်ဆေးမှု ၂ဝ ကျော်လာပြီ ဖြစ်ပါတယ်။
သတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ဟာ Reuters ကချီးမြှင့်တဲ့ Baron သတင်းသမားဆု အပါအဝင် စာပေနဲ့ စာနယ်ဇင်း တိုးတက်ရေး Pan America အဖွဲ့ရဲ့ စာပေ လွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် အမျိုးသား စာနယ်ဇင်း ကလပ်ရဲ့ အိုဗာတွန်စာနယ်ဇင်း လွတ်လပ်ခွင့် ဆုတွေ ချီးမြှင့် ခံခဲ့ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုမှု မြင့်မားလာခဲ့ပါတယ်။
ဒါပေမယ့် ဇွန်လ ၈ရက်နေ့မှာ NHK သတင်းဌာနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အင်တာဗျူးမှာ ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ အဖမ်းခံထားရတာ ဖြစ်တဲ့အတွက် သူတို့ အပြစ်ရှိ မရှိ ဆိုတာ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အခုဆိုရင် ရိုက်တာ သတင်းထောက် နှစ်ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရုံးထုတ် စစ်ဆေးတာ ၉လနီးပါး ကြာမြင့် လာပြီ ဖြစ်ပါတယ်။
သူတို့ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ သူတို့ကို စွဲထားတဲ့ ပုဒ်မဟာ ထောင်ဒဏ် ၁၄ နှစ်ထိ အမိန့်ချနိုင်တဲ့ ပုဒ်မမျိုး ဖြစ်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။










