Reuters နဲ့ တပ်မတော်က ထုတ်ပြန်မှု ကွဲလွဲချက်ကို စုံစမ်းမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
Reuters သတင်းဌာနရဲ့ အင်းဒင်ရွာက ရိုဟင်ဂျာရွာသားတွေ အသတ်ခံရမှု သတင်းထုတ်ပြန်ချက်ဟာ တပ်မတော် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးလုပ်ပြီးမှ အခြေအနေမှန်ကို ပြောနိုင်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
Reuters သတင်းဌာနရဲ့ အင်းဒင်ရွာ သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ အသတ်ခံရသူတွေဟာ တပ်မတော်ဘက်က ထုတ်ပြန်ထားသလို အကြမ်းဖက်သမားတွေ မဟုတ်ပဲ ပုန်းအောင်းနေတဲ့ အထဲက တွေ့ရှိ ဖမ်းဆီးထားသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပြီး လူစုလူဝေးနဲ့ တိုက်ခိုက်မှု ရှိတယ်ဆိုတဲ့ အချက်လည်း Reuters ထုတ်ပြန်ချက်ထဲမှာ မပါဝင်ခဲ့ပါဘူး။
အင်းဒင်ဖြစ်စဉ်မှာ တပ်မတော်နဲ့ ရဲသာမက ပြည်သူလူထုလည်း ပါဝင်မှုရှိကြောင်း ဦးဇော်ဌေးက ပြောဆိုခဲ့သလို စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီးလို့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ့ ရရင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာ ပြောဆိုပြီးသား ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အင်းဒင်ရွာ သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို စုံစမ်းခဲ့လို့ အဖမ်းခံရတာ ဖြစ်ကြောင်း Reuters သတင်းဌာနက ပြောဆိုထားပါတယ်။
အင်းဒင်ရွာဖြစ်စဉ်နဲ့ Reuters သတင်းထောက် ၂ ယောက် အဖမ်းခံရတာ ဆက်စပ်မှု ရှိမရှိကိုတော့ တရားသူကြီးက ဆုံးဖြတ်မှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
AP သတင်းဌာနရဲ့ ဂူတာပြင်ရွာမှာ လူသတ်ပြီး မြုပ်ထားတဲ့ ကျင်းတွေ ရှိတယ်ဆိုတဲ့ သတင်းကလည်း သွားရောက် စစ်ဆေးတဲ့အခါမှာ မမှန်ကန်ကြောင်း တွေ့ရတဲ့အတွက် နိုင်ငံတကာက စွပ်စွဲမှုတွေ အနေနဲ့ ခိုင်လုံတဲ့ အရင်းအမြစ် သက်သေတွေ ပြဖို့လိုကြောင်းကိုလည်း သူက ပြောပါတယ်။
ကုလသမဂ္ဂကို စုံစမ်း စစ်ဆေးခွင့်ပေးဖို့ ကိစ္စမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ဘက်လိုက်ပြီး မျှတမှု မရှိတဲ့အတွက် စုံစမ်းစစ်ဆေးခွင့် ပေးလို့ ဒီအခြေအနေတွေ ရှင်းမသွားနိုင်ဘူးလို့ ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ဟာလည်း မရောက်လာခင်ကတည်းက ကြိုတင် ဆုံးဖြတ်ချက်တွေ ချထားတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း မျက်စိမှိတ် ငြင်းဆိုနေတာ မဟုတ်ပဲ အထောက်အထား မှန်ကန်ရင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။









