အကျဉ်းသား လေးသောင်းနီးပါး မူးယစ်မှုနဲ့ ထောင်ကျနေ

မြန်မာနိုင်ငံတဝန်းက ထောင်တွေထဲ အကျဉ်းသား ၇ သောင်းကျော် ရှိနေတာမှာ ထက်ဝက်ကျော်ဟာ မူးယစ် ဆေးဝါး အမှုတွေနဲ့ ထောင်ကျ နေသူတွေ ဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။
၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်နေ့အထိ အကျဉ်းသား ၇၆၉၃၁ ရှိပြီး အဲဒီထဲက ၃၉၃ဝ၁ ယောက်ဟာ မူးယစ်မှုနဲ့ ထောင်ချ ခံထားရသူတွေ ဖြစ်တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ကိုးကားပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
အကျဉ်းထောင်တွေရဲ့ အခြေအနေကို လေ့လာဆန်းစစ်ရာကနေ ဒီလို ကိန်းဂဏန်း အတိအကျ ရလာတာ ဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဘီဘီစီကို ပြောပါတယ်။
မူးယစ်မှုတွေ ဒီလောက်များနေတာဟာ နိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ အမျိုးသားရေး အန္တရာယ် တစ်ခု အသွင် ဖြစ်နေတယ်လို့လည်း ဦးအောင်မင်းက ဆိုပါတယ်။



စိတ်ကြွဆေးပြားတွေ အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲတာ၊ ထုတ်လုပ်ရောင်းချတာနဲ့ ကုန်ကူးတဲ့ နေရာတွေမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့ ရှိနေကြတယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် လက်လှမ်းမီ သမျှ တနိုင်ငတပိုင် လုပ်ဆောင် နေကြတဲ့ အရပ်ဘက် အဖွဲ့တွေကလည်း ပြောနေကြပါတယ်။
မကြာခင်ရက်ပိုင်းကပဲ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်တန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းမိခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက စိတ်ကြွ ဆေးပြားတွေ သူတို့ နိုင်ငံတွေထဲ အလုံးလိုက်အရင်းလိုက် စီးဝင် နေတယ် ဆိုပြီး ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို ဒေသတွင်း နိုင်ငံတွေက ပြောဆို နေပါတယ်။
သမ္မတ ဦးဝင်းမြင့် တက်လာပြီး နောက်မှာတော့ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး သတင်းပေး တိုင်ကြားသူတွေကို ဆုငွေတွေ ပေးမယ် ဆိုပြီး ကြေညာလာပါတယ်။


ဒီကြေညာချက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ သတင်းပေးမှု၊ ဖမ်းဆီးမှုတွေ ရှိလာခဲ့ပေမယ့်လည်း တကယ့် လက်ကြီးသမားတွေ၊ ထုတ်လုပ် ဖြန့်ဖြူးသူတွေကို ကိုင်တွယ်ဖို့ လိုအပ်နေတယ် ဆိုတဲ့ ထောက်ပြ ဝေဖန်သံတွေလည်း ရှိနေပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှာလည်း တပ်ဖွဲ့မှူး အပါအဝင် ရဲ အရာရှိတချို့ကို ပြောင်းလဲ ခန့်အပ်လာတာ တွေ့ရပါတယ်။
မူးယစ်ဆေးဒဏ်ကို ခံရတဲ့ ဒေသတွေထဲ ကျောက်စိမ်းမှော်တွေ ရှိတဲ့ ဖားကန့်လို နေရာမျိုး ထိပ်ဆုံးက ပါဝင်နေပါတယ်။
မူးယစ်ဆေး စွဲနေတဲ့ သမီးရော သားမက်က သူတို့မွေးထားတဲ့ ကလေးကိုတောင် ၃ သိန်းနဲ့ ရောင်းစားတဲ့ အခြေအနေမျိုး ဆိုက်နေတယ်လို့ ဖားကန့်မြို့ခံ ဒေါ်တင်အေးက ဘီဘီစီကို ပြောပြပါတယ်။
ကြီးထွားလာတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကို အစိုးရက ကိုင်တွယ်ရာမှာ အရင်ကလို သက်သေ အထောက်အထားနဲ့ တိုင်ကြားလာသူတွေမရှိလည်း ကျော်ဇောသတင်းနဲ့ ဖမ်းဆီး အရေးယူတာမျိုး ဆောင်ရွက်နေပါတယ်။
မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးအန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေးအတွက် အများပြည်သူဆီက ပေးပို့ တိုင်ကြားလာတဲ့ သတင်း အချက်အလက်တွေကို စနစ်တကျ လက်ခံရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန တစ်ခုကို သမ္မတရုံးက ဖွင့်ပေးလာပါတယ်။
တစ်ဦးချင်း သုံးစွဲသူတွေရဲ့ လက်ထဲ ဆေးပြား အနည်းငယ်၊ ဆေးခြောက် အနည်းငယ် ရှိတာ တွေ့ရုံနဲ့ ဖမ်းဆီး ထောင်ချတာမျိုးလို ပြင်းထန်လွန်းတဲ့ ချဉ်းကပ်ပုံတွေ အရ ထောင်တွေထဲ မူးယစ်အမှုနဲ့ ကျနေသူတွေ များပြား နေရတာ ဖြစ်တယ်လို့ ထောက်ပြ ဝေဖန် ကြသူတွေလည်း တစ်ဘက်မှာ ရှိနေပါတယ်။
ဒါ့ကြောင့် မူးယစ်ဆေး ဘယ်လောက် လက်ဝယ် တွေ့ရင် ဖမ်းဆီး အရေးယူမယ် ဆိုတဲ့ သတ်မှတ်ချက်တွေကို ပမာဏ တိုးမြှင့် သတ်မှတ်လာခြင်း အားဖြင့် ဥပဒေကြောင်း အရ ဖြေလျှော့ ပေးနိုင်ဖို့ ကြိုးစား အားထုတ် လာတာလည်း တွေ့ရပါတယ်။









