ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်တွေ မူရင်းနေရာတွေမှာပဲ ပြန်နေလို
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ကတည်းက စစ်တွေမြို့ပေါ် ရပ်ကွက်က နေအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ သွားရောက် ခိုလှုံနေကြရတဲ့ အစ္စလာမ် ဘာသာဝင် ဒုက္ခသည်တွေ အခု အချိန်အထိ အဲဒီ စခန်းတွေမှာ ဆက်လက် နေထိုင်နေကြရပါတယ်။
စစ်တွေနဲ့ ၈ မိုင်လောက် ကွာဝေးတဲ့ သက္ကေပြင် ဒုက္ခသည်စခန်းမှာ စစ်တွေမြို့ နာဇီရပ်ကွက်ကနေ ထွက်ပြေးလာကြတဲ့ အစ္စလာမ် ဘာသာဝင် ၆ ထောင်နီးပါး အခုချိန်ထိ ဆက်လက် ရှိနေကြပါတယ်။
အဲဒီ စခန်းမှာ အဆောင်ပေါင်း ၁၂၅ ဆောင်ရှိပြီး တစ်ဆောင်စီမှာ အခန်း ၈ ခန်း၊ တစ်ခန်းမှာ မိသား တစ်စုစီ နေထိုင်နေကြပါတယ်။
မိသားစုဝင်တွေ အားလုံး တစ်ခန်းတည်းမှာ စုနေကြရလို့ နေရထိုင်ရတာ အခက်အခဲ ရှိတယ်လို့ ဒုက္ခသည် တွေက ပြော ပါတယ်။
အစိုးရက သူတို့အတွက် ကျန်းမာရေး၊ ပညာရေး စောင့်ရှောက် မှုတွေ ပေးနေတယ်လို့ စခန်း တာဝန်ခံ ကိုရွှေမောင်က သူတို့ စခန်းကို ရောက်သွားတဲ့ ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။
စခန်းထဲမှာ နေထိုင်ကြရသူတွေက သူတို့မှာ အလုပ်အကိုင်မရှိကြဘဲ အစိုးရက တစ်လတစ်ခါ ပေးတဲ့ စားနပ် ရိက္ခာတွေ ကိုပဲ မှီခို စားသောက် နေရတယ်လို့ ပြောပါတယ်။
အစောပိုင်း အချိန်တွေတုန်း ကတော့ အဲဒီ ရိက္ခာတွေကို မရခဲ့ဘူးလို့ ဆိုကြပါတယ်။
မိသားစု ၈ ယောက်ရှိတဲ့ ဒေါ်မာသိမ်း ဆိုတဲ့ ဒုက္ခသည် ကတော့ သူတို့ကို အစိုးရက ပေးတဲ့ ရိက္ခာနဲ့ မိသားစု မစားလောက် ပေမယ့် ဖြစ်အောင် စားသောက် နေရတယ်လို့ ပြောပါတယ်။
ဒီစခန်းကို မလာခင် စစ်တွေက ရပ်ကွက်မှာ နေခဲ့တုန်းက သူတို့မှာ ငါးဖမ်းလှေ ပိုင်ပြီး စျေးဆိုင်လည်း ရှိတယ်၊ အခုတော့ စစ်တွေက သူတို့ နေအိမ် ရှိသေးရဲ့လား ဆိုတာမသိဘူးလို့ လည်း သူက ပြောပါတယ်။
အရင်တုန်းက စစ်တွေ မြို့ပေါ်မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ မောင်နှမတွေလို အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင် ခဲ့ကြပေမယ့် အခုတော့ သီးခြားစီ ဖြစ်နေလို့ စိတ်ပူ မိတယ်လို့ ဒေါ်မာသိမ်းက ပြောပါတယ်။
သူ့အိမ်ကိုသူ ပြန်ချင်ပြီ လို့လည်း ပြောပါတယ်။
ဒေါ်မာသိမ်းလိုပဲ သက္ကေပြင် ဒုက္ခသည်စခန်းမှာရှိနေကြတဲ့ ဒုက္ခသည် ၅ ထောင်ကျော်က သူတို့ရဲ့ မူရင်း နေရာတွေမှာသာ ပြန်လည် နေထိုင်လိုတဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။