မြန်မာ့ အသွင်ကူးပြောင်းမှု စင်္ကာပူမှာ ရှင်းပြ

suu

ဓာတ်ပုံ ရင်းမြစ်, ROSLAN RAHMAN

ဓာတ်ပုံ ပုံစာ, အသွင် ကူးပြောင်းရေး လက်ရှိ လုပ်ငန်းစဉ်က အခက်ခဲဆုံး

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုတွေထဲမှာ စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီ စနစ်ဆီ အသွင် ကူးပြောင်းရေး လက်ရှိ လုပ်ငန်းစဉ်က အခက်ခဲဆုံးပဲလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "Myanmar's Democratic Transition : Challenges and Way Forward" မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုနဲ့ ရှေ့ခရီးလမ်း ခေါင်းစဉ်နဲ့ ဟောပြောပွဲ ကျင်းပစဉ် ပြောကြား သွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးခေတ်၊ ပါလီမန်ခေတ်ကနေ စစ်အာဏာရှင်ခေတ်ကို အဆင့်ဆင့် ကူးပြောင်းခဲ့ပြီး စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်းရေး လက်ရှိ လုပ်ငန်းစဉ် အကြောင်းနဲ့ NLD အစိုးရ လုပ်ဆောင် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာ ကိုဖီ အာနန်ရဲ့ အကြံပြုချက် အစီရင်ခံစာဟာ နှစ်ဘက် မျှတအောင် ရေးထားတဲ့အတွက် လူ့အဖွဲ့အစည်း နှစ်ဘက်စလုံးအတွက် အဆင်ပြေကြောင်း၊ အကြံပြုချက် ၈၈ ချက်ထဲမှာ ၈၁ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စီးပွားရေး ကဏ္ဍမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဥပဒေ ပြင်ဆင်ရေးဆွဲတာတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ဟောပြောပွဲ တက်ရောက်လာသူတွေဟာ ကျောင်းသားလူငယ်တွေနဲ့ စင်္ကာပူ အခြေစိုက် အဖွဲ့အစည်းတွေ၊ သံတမန် အသိုင်းအဝိုင်းက လူတွေ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်နဲ့ စီးပွားရေး ကဏ္ဍ အကြောင်းတွေကို ပဲ မေးမြန်းခဲ့ကြပြီး နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရိုဟင်ဂျာ ကိစ္စအကြောင်း ဖိမေးတာမျိုးတော့ မရှိခဲ့ဘူးလို့ ဟောပြောပွဲ တက်ခဲ့သူတဦးက ပြောပါတယ်။