စင်္ကာပူ နိုင်ငံ မှာ စီးပွားရေး၊ ရခိုင်အရေး နဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ကို ဟောပြောမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
အရှေ့တောင် အာရှ ဆိုင်ရာ သုတေသန ဌာန မြန်မာ လေ့လာရေး အစီအစဉ် က နိုင်ငံတကာ ခေါင်းဆောင်တွေကို ဖိတ်ကြားလေ့ ရှိပြီး သူတို့အမြင်တွေကို ဟောပြော ပို့ချလေ့ ရှိရာမှာ လာမယ့် သြဂုတ် ၂၁ ရက်နေ့မှာ ဟောပြောဖို့ မြန်မာနိုင်ငံက အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆိုင်ရာ စိမ်ခေါ်မှု နဲ့ ရှေ့အလားအလာ Myanmar 's Democratic Transition: Challenges and Way Forward ခေါင်းစဉ် နဲ့ လာရောက် ပြောကြားပေးဖို့ စင်ကာပူ အခြေစိုက် သုတေသန ဌာနက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Ye Htut facebook
နိုင်ငံတကာက ပုဂ္ဂိုလ်တွေကို ရွေးချယ် ဖိတ်ကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၄၃ ယောက်မြောက် ပုဂ္ဂိုလ် ဖြစ်တယ်လို့ အဲဒီဌာနမှာ Senior Visiting Fellow အဖြစ်ရောက်နေတဲ့ မြန်မာ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က ပြောပါတယ်။
တက်ရောက်သူတွေ အနက် ယေဘုယျအားဖြင့် ပညာရှင်တွေ အများစု ဖြစ်ပြီး ၊ သံတမန် အသိုင်းအဝိုင်း ၊ စင်ကာပူ အစိုးရက တာဝန်ရှိသူတွေ ၊ စင်ကာပူက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ တခြား စင်ကာပူ တက္ကသိုလ်က ပညာရှင်တွေ အပြင် စင်ကာပူ ရောက် မြန်မာ နိုင်ငံသားတွေ နဲ့ စင်ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသူ ကျောင်းသားတွေကို ဖိတ်ကြားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီး မြုပ်နှံကြဖို့ ၊ မြန်မာ နိုင်ငံ အပေါ် ယုံကြည်မှုတွေ ရှိလာစေဖို့ အပြင် မြန်မာ နိုင်ငံ ရဲ့ အလားအလာတွေကို ဟောပြော လိမ့်မယ်လို့ ယူဆ ရကြောင်း ဦးရဲထွဋ် က ပြောပါတယ်။
အဓိက ကတော့ စီးပွားရေး ၊ ရခိုင် ပြည်နယ် အရေး နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေမှု အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားလိမ့်မယ်လို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Ye Htut facebook
အရင် အစိုးရ လက်ထက် တုန်းက ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုနဲ့ အခု အစိုးရ ကြုံရတဲ့ အခြေအနေ မတူဘဲ ၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အပေါ် ပြည်တွင်း ကရော ပြည်ပ ကပါ လက်ခံ လာအောင် လုပ်ဆောင်ရတာဟာ အရင်အစိုးရ အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်လို့ ဦးရဲထွဋ် က သူတို့လက်ထက်တုန်းက အတွေ့အကြုံကို ရှင်းပြခဲ့ပါတယ်။
အခု အစိုးရ လက်ထက်မှာတော့ ပြည်တွင်း ပြည်ပက ယုံကြည်မှုတွေ ရှိပြီး မျှော်လင့်ချက်ကလည်း အများကြီး ရှိကြတာမို့ ဒါတွေကို ဖြည့်ဆည်း နိုင်အောင် ၊ အနီးစပ်ဆုံး လုပ်ရတာ အကြီးမားဆုံး စိန်ခေါ်မှုဘဲလို့ လက်ရှိ မြန်မာ အစိုးရ ရင်ဆိုင်ရတဲ့ အခြေအနေကို သူက ပြောပြပါတယ်။
တလောတုန်းက ရှန်ဂရီလာ ကွန်ဖရန့်စ်ကို မြန်မာ နိုင်ငံက ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်း လာတက်ရောက်စဉ် အရှေ့တောင် အာရှ ဆိုင်ရာ သုတေသန ဌာနမှာ လာရောက် ဟောပြော ပေးဖို့ ဖိတ်ကြားခဲ့ပေမယ့် မအားလပ်တဲ့ အတွက် မလာနိုင်ခဲ့ကြောင်း ၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာမို့ သူ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ မြန်မာနဲ့ ပတ်သက်ရင် အကောင်းဆုံး ရှင်းပြနိုင်တာ သူတယောက်ဘဲ ရှိကြောင်း ဦးရဲထွဋ် က ပြောပါတယ်။
အခုကျင်းပမယ့် ဟောပြောပွဲမှာ မြန်မာ အသိုင်းအဝိုင်းထဲက တယောက်ယောက်တော့ မေးခွင့်ရလိမ့်မယ်လို့ ထင်ကြောင်းလည်း သူက ဆိုပါတယ်။
အရင် ဟောပြောပွဲတွေတုန်းကတော့ တက်ရောက်သူ နှစ်ရာကျော် ရှိပြီး moderator အဖြစ် စင်ကာပူ ၀န်ကြီးချုပ်ဟောင်း ဒါမှမဟုတ် ဒုတိယ ၀န်ကြီးချုပ်ဟောင်း တို့က လုပ်လေ့ ရှိပါတယ်။








