ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ၄ရက်ခရီးစတင်မယ်

အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office facebook

ဓာတ်ပုံ ပုံစာ, အာဏာရပြီး စင်ကာပူ ပထမဆုံး ခရီးစဉ်မှာ မိန့်ခွန်းပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက် အရ ဒီနေ့ သြဂုတ်လ ၁၉ ရက်မှာ စင်ကာပူကို လေးရက်ခရီးသွားဖို့ ရှိပါတယ်။

အခုနှစ်ပိုင်းတွေ အတွင်း စင်ကာပူနဲ့ မြန်မာ အကျိုးတူ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးလာနေရာမှာ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု စာချုပ်ဟာ အခုနှစ်ကုန်ရင် သက်တမ်း ကုန်ဆုံးဖို့ ရှိနေချိန်မှာ ဒီခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ သမ္မတ ဟာလီမာ ရာကွတ် အပါအဝင် ဝါရင့် ဝန်ကြီး ဂိုချုပ်တောင် ၊ ဒုဝန်ကြီးချုပ် Teo Chee Hean နဲ့ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan တို့နဲ့လည်း တွေ့ဖို့ ရှိတယ်လို့ စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် တနင်္လာနေ့ သြဂုတ်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ဝန်ကြီးချုပ်ဟောင်း လီကွမ်းယူ တည်ထောင်ခဲ့တဲ့ School of Public Policy ကျောင်းကို သွားရောက်ဖို့ ရှိသလို အဲဒီကျောင်းကို မြန်မာ အရာရှိတွေ သင်တန်း တက်ရောက်နိုင်အောင် မြန်မာ အစိုးရက စိတ်ဝင်စားလျက် ရှိပါတယ်။

ဒါ့အပြင် အခု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ဟာ ' မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆိုင်ရာ စိန်ခေါ်မှု နဲ့ ရှေ့အလားအလာ' ဆိုတဲ့ ခေါင်းစဉ်နဲ့ Grand Hyatt ဟော်တယ်မှာ လာမယ့် အင်္ဂါနေ့ သြဂုတ် လ ၂၁ ရက်နေ့ ကျရင် ဟောပြောဖို့ ရှိပါတယ်။

အခု ခရီးစဉ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင် နဲ့ သမ္မတရုံး ဒုဝန်ကြီး ဉီးမင်းသူတို့ လိုက်ပါသွားမှာ ဖြစ်တယ်လို့ စထရိတ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office facebook

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ဒီဇင်ဘာလတုန်းက စင်ကာပူ သွားရောက်စဉ် အမျိုးသား ဥယျာဉ်တွင် အမှတ်တရ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရပြီး နောက်ပိုင်း ၂၀၁၆ ဒီဇင်ဘာလတုန်းကလည်း စင်ကာပူကို ပထမဆုံးကြိမ် သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံ ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် နဲ့ တွေ့ဆုံခဲ့ကာ နိုင်ငံတကာရေးရာကိစ္စရပ်များ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြဖူးပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ အမျိုးသားသစ်ခွဥယျာဉ် မှာ သစ်ခွအမည်ပေးအခမ်းအနားသို့ တက်ရောက်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမျိုးသား သစ်ခွဥယျာဉ်အတွင်းမှာ Papilionanda Aung San Suu Kyi ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားတဲ့ သစ်ခွပန်းကို စိုက်ပျိုး ထားရှိတာ ဖြစ်ပါတယ်။