ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် လုပ်ငန်းစတော့မယ်
ရခိုင်ပြည်နယ်အရေးဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေက သူတို့ လုပ်ဆောင်မယ့် တာဝန်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၆ရက်နေ့က နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ဒီကော်မရှင်က စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ တပ်မတော်၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ အရေးကြီးတဲ့ နေရာတွေကို သွားရောက် စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်မယ်လို့လည်း ကော်မရှင် ဥက္ကဋ္ဌ မစ္စ ရိုဆာရီယို မယ်နာလို က ပြောပါတယ်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေကို ကူညီဖို့ အတွင်းရေးမှူး အဖွဲ့တွေကို မကြာခင် ဖွဲ့စည်းသွားဖို့ ရှိကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကိုလည်း သွားရောက် စုံစမ်းဖို့ ရှိကြောင်း ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။
စုံစမ်း စစ်ဆေးရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ အခုအခါ လုပ်ဆောင်နေပြီလို့လည်း ဆိုပါတယ်။
လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က စုံစမ်း စစ်ဆေးမှုတွေကို တစ်နှစ်ကြာ အချိန်ယူဆောင်ရွက်မှာ ဖြစ်ပြီး သူတို့ တွေ့ရှိချက်တွေကို နှစ်လည် အစီရင်ခံစာ တစ်စောင်နဲ့ တစ်နှစ် ပြည့်ချိန်မှာ အစီရင်ခံ စာတစ်စောင် ရေးသားပြီး နိုင်ငံတော် သမ္မတကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ကော်မရှင် ဥက္ကဋ္ဌ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ရိုဆာရီယို မယ်နာလိုနဲ့ အဖွဲ့ဝင် ၃ ဦးတို့ဟာ ဗုဒ္ဓဟူးနေ့တုန်းကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
တခါရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့ကလည်း သူတို့ရဲ့ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံ သြဂုတ်လ ၁၆ရက်နေ့က ပေးအပ်ခဲ့ပါတယ်။
အကြံပေး ကော်မတီရဲ့ အကြံပြုချက်အတိုင်း လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့ခဲ့တဲ့အတွက် ကျေနပ်မိကြောင်း ကော်မတီ ဥက္ကဋ္ဌ ဆူရာကီယတ် ဆတ်သီယာထိုင်း က အစီရင်ခံစာ တင်ပြစဉ်မှာ ပြောခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
အကြံပြုချက် တချို့ဖြစ်တဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား ထိတွေ့ ဆက်ဆံရေး၊ ရခိုင်ပြည်နယ်မှာ စံပြမြို့နယ် တခု တည်ထောင်ရေးနဲ့ ကျန်းမာရေး ကဏ္ဍ ထောက်ပံ့ကူညီရေးတွေကိုတော့ ဆက်လက် ဆောင်ရွက်နေဆဲပဲ ဆိုတာ တွေ့ရကြောင်း ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ ရခိုင် ပဋိပက္ခဆိုင်ရာ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ အကြံပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။