ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေအားလျှပ်စစ်စီမံကိန်းတွေကို ဒေသခံတွေနဲ့အမတ်တွေ ကန့်ကွက်
မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းတွေကို မဖြစ်မနေ ကန့်ကွက်ကြဖို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆုံးဖြတ်လိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကနေ မန္တလေးတိုင်းထဲထိ စီးဝင်နေတဲ့ မြစ်ငယ်မြစ်ခေါ် နမ္မတူမြစ်ပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့အတွက် စီမံကိန်း ၄ ခုရှိပါတယ်။
ရေကာတာ စီမံကိန်းရဲ့ အစီအစဉ်ထဲမှာ ရွေ့ပြောင်းပေးရမဲ့ ဒေသခံတွေ အတွက် ပြန်လည် နေရာချထားရေး ထောက်ပံ့ရေး ကိစ္စတွေ လုပ်ပေးမယ်လို့ ပါဝင်ပေမဲ့ အခုချိန်ထိ ဘာမှမလုပ်ပေးသေးသလို့ ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။
ဒါ့ပြင် ဒေသခံတွေရဲ့ အဓိက စီးပွါးရေး လုပ်ငန်းဖြစ်တဲ့ လိမ္မော် ကျွဲကောတို့လို ဥယျာဉ်ခြံတွေ ပျက်စီးသွားမှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ မပြောင်းရွှေ့ချင်ကျတဲ့အတွက် ဒီစီမံကိန်း ၄ ခုကို ကန့်ကွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သီပေါမြို့နယ် တာလုံကျေးရွာက စိုင်းထမ်းအိုင် ကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးတိုင်းထဲထိ စီးဝင်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ စီမံထားတဲ့ စီမံကိန်း ၅ ခုရှိပါတယ်။
ဒီစီမံကိန်းတွေကိုတပ်မတော်အစိုးရ လက်ထက်က လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး အဲဒီစီမံ ကိန်း ၅ ခုထဲက အောက်ဖက်အစွန်းဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ထဲက ရဲရွာရေအား လျှပ်စစ်စီမံကိန်းကတော့ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဒေသခံတွေကတော့ လျှပ်စစ်ဓါတ်အား ၃၀၀ မဂ္ဂါဝပ်လောက် ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ အထက်ရဲရွာရေကာတာ စီမံကိန်း လုပ်မဲ့ဒေသက ဒေသခံတွေဖြစ်ပါတယ်။
အဲဒီစီမံကိန်းဟာ အခုဆို ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို ပြည်ထောင်စု အဆင့်ကို တင်ပြပြီး လုပ်ဆောင်သွားမယ်လို့ သီပေါ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေး ကပြောပါတယ်။
သက်ဆိုင်ရာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ စီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့လဲ သူက ဆိုပါတယ်။
ပြည်သူနဲ့အမျိုးသား လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ဒီ စီမံကိန်းနဲ့ပတ်သက်လို့ မေးခွန်းမေးတာတွေ လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။
မြစ်ငယ်မြစ်ပေါ်မှာ ရေကာတာ စီမံကိန်း ၅ခု တည်ဆောက်ဖို့ရှိပြီး ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ကတော့ ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ကျန် ၄ခုကတော့ မန္တလေးတိုင်းဒေသကြီးအတွင်း မှ ဒီးဒုတ် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ စီမံကိန်း ၃ ခုကတော့ နောင်ချို့မြိုနယ် ထဲမှာရှိတဲ့ အလယ်ရဲရွာစီမံကိန်း ၊ နောက် ၄၀ ရာခိုင်နှုန်း ခန့် ပြီးနေတဲ့ အထက်ရဲရွာစီမံကိန်း အပြင် နောင်ချို့နဲ့သီပေါမြို့နယ် ထဲမှာ မိုးတိမ်ရေကာတွေ ဖြစ်ပါတယ်။