မောင်တောပြန် မရမာကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရ

စစ်တွေ ကယ်ဆယ်ရေးစခန်းကနေ မောင်တောမြို့နယ်က မိမိတို့ရွာကို ပြန်လာတဲ့ မရမာကြီး လူနည်းစု တိုင်းရင်းသားတွေ တစ်နှစ်နီးပါး ရှိနေကြပေမယ့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြတယ်လို့ သိရပါတယ်။
မရမာကြီးတိုင်းရင်းသားလူမျိုးဆိုတာက ရခိုင်မျိုးနွယ်စုထဲမှာ ပါဝင်ပြီး လူနည်းစု တိုင်းရင်းသား လူမျိုးစု တစ်စု ဖြစ်ပါတယ်။
မောင်တောမြို့နယ်မှာ နေထိုင်တဲ့ မရာမာကြီး လူမျိုးတွေဟာ ၂၀၁၇ သြဂုတ်လမှာ မောင်တောမှာအရေးအခင်း ဖြစ်တော့ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်တွေမြို့ ကယ်ဆယ်ရေး စခန်းတွေထိ ထွက်ပြေးခိုလုံခဲ့ကြရပါတယ်။ အဲဒီကနေ အစိုးရ အစီအစဉ်နဲ့ မောင်တောမြို့နယ်ကို ပြန်လာကြပေမယ့် တစ်နှစ်နီးပါးရှိနေပြီ ဖြစ်ပေမယ် နေထိုင်စရာ အိမ်တွေ မရကြသေးတဲ့ အတွက် အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြ ရပါတယ်။
ကျွန်တော်တို့ ၂၇ စု လူဦးရေတရာကျော်လောက်ဟာ ကြိမ်ချောင်းရွာအနောက်ဘက်က ဈေးဟောင်းမှာ နေရတယ် ၊ တချို့ကလည်း စာသင်ကျောင်းဟောင်းတွေမှာ နေရသလို မိုးရွာရင် အဆောက်အဦးတွေက မိုးမလုံ မလုံမခြုံဖြစ်နေတော့ အခက်အခဲဖြစ်ရတယ် လို့ မောင်တောမှာ ပြန်လာနေသူတွေထဲက တဦးဖြစ်တဲ့ ဦးလှဖော်ဇံက ဘီဘီစီကို ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက အိမ်တွေဆောက်ပေးမယ်ဆိုပြီး ကတိခံ ပြန်လည်နေရာချပေးဖို့ ပြန်လွှတ်ခဲ့ပေမယ့် မိသားစု ၃၀ လောက်သာ အိမ်ရပြီး အဲဒီလူတွေဟာ မင်းကြီးရွာမှာ နေထိုင်နေကြတာပါ။ ကျန် မိသားစု ၂၇ စုက ဒီနေ့ထက်ထိ နေစရာ အိမ်မရရှိသေးဘဲ အခက်အခဲ ဖြစ်နေကြရတာ ဖြစ်ပါတယ်။ စားဝတ်နေရေးအစားအစာ အဆင်မပြေဘူး ရိက္ခာလည်း သိပ်မရပေမယ့် အခုထိတော့ မငတ်သေးဘူး ပေးထားတဲ့ ရိက္ခာက သြဂုတ်လဝက်လောက်အထိပဲ ခံမယ် လို့ ဦးလှဖော်ဇံက ပြောပါတယ်။
ကျေးရွာအဖွဲ့ကိုတင်ပြထားတာဖြစ်မယ် ကျွန်တော်တို့က ပြည်နယ်ဌာနတခုဖြစ်တော့ ဗဟိုအစိုးရက ညွှန်ကြားမှ လုပ်လို့ရတာ ကျွန်တော်တို့ဆီမှာ စာမဝင်ပါဘူး ။ ကျွန်တော်တို့ဌာနကို ညွှန်ကြားချက်ဝင်တာမှန်သမျှတော့ ပြည့်ပြည့်ဝ၀ ထောက်ပံ့ပေးတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အစိုးရရဲ့ သဘောထားကို သိလိုတဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဒေါက်တာ ချမ်းသာကို ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်း မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
မောင်တောမြို့နယ်ဟာ နယ်စပ် ဒေသ ဖြစ်တာနဲ့ အညီ မရမာကြီး၊ ဒိုင်းနက်၊ သက်၊ မြိုစတဲ့ လူနည်းစု တိုင်းရင်းသားတွေအပါအဝင် လူမျိုးစုံ နေထိုင်ကြဒေသတစ်ခုဖြစ်ပါတယ်။
၂၀၁၇ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ပြီးကတည်းက ဒေသအတွင်း မတည်ငြိမ်မှုတွေဖြစ်နေတဲ့ အတွက် အလုပ်အကိုင်အခွင့်အလမ်း လုံးဝ မရှိတော့သလောက် ဖြစ်နေတာမို့ အစိုးရရဲ့ အကူအညီမရရင် လူနည်းစုတွေအနေနဲ့ ရပ်တည်နေထိုင်လို့ မရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ် ။








