မောင်တော စီးပွားဇုန် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးဖို့ ရှိနေ

မောင်တောဒေသမှာ လုံခြုံရေး ဆိုင်ရာ မတည်ငြိမ်မှုတွေ၊ စိုးရိမ် ကြောင့်ကြမှုတွေ ရှိနေပေမယ့် အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ အခု စက်တင်ဘာ လကုန်ပိုင်းမှာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး လာနိုင်ဖွယ် ရှိပါတယ်။
ဧက တစ်ရာ အကျယ် သတ်မှတ်ထားတဲ့ ဒီ အထူး စီးပွားရေး ဇုန် ဖော်ဆောင်ဖို့ နဂိုမူလ ကတည်းက စီစဉ် ထားတာကို လက်တွေ့ အကောင်အထည် ဖော်မှာ ဖြစ်ပြီး၊ ပြည်နယ် အစိုးရနဲ့ နတ်မြစ်အလင်းတန်းလို့ ခေါ်တဲ့ ကုမ္ပဏီတို့ကြား လက်မှတ် ထိုးကြမှာ ဖြစ်ပါတယ်။
နတ်မြစ်အလင်းတန်း ကုမ္ပဏီဟာ အစုအဖွဲ့ ကုမ္ပဏီဖြစ်ပြီး နယ်မြေခံ ကုမ္ပဏီ သုံးခုနဲ့ ရန်ကုန် အခြေစိုက် ကုမ္ပဏီ တချို့လည်း ပါဝင်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
တိုက်ပွဲတွေ ပေါ်ပေါက် လာခဲ့တဲ့ အတွက် လုံခြုံရေး ဆိုင်ရာ ထိခိုက် သွားရပေမယ့်၊ စီးပွားရေး အားဖြင့်တော့ မောင်တောဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ် ကုန်သွယ်ရေး အားကောင်း နေတယ်လို့ ရခိုင်ပြည်နယ် ဘဏ္ဍာရေး အခွန် စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်းက ဘီဘီစီကို ပြောပါတယ်။
စီးပွားရေးဇုန်ရဲ့ လုံခြုံရေးကို စနစ်တကျ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီး ဦးကျော်အေးသိန်းက ဆိုပါတယ်။
မောင်တော နယ်စပ်ကုန်သွယ်ရေးဟာ အဓိကအားဖြင့် ဆန်နဲ့ တခြား စားသုံးကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေလမ်းနဲ့ ပို့ဆောင်ကုန်သွယ်တာဖြစ်ပါတယ်။
ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ဩဂုတ်လ ၂၅ရက်နေ့ စတင် ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ နောက်ပိုင်းမှာတော့ ကုန်သွယ်မှုတွေ အလိုလို ရပ်တန့် သွားခဲ့ပါတယ်။




