ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေကြီးလို့ တနင်္သာရီမြို့မှာ ပိတ်ထားတဲ့ကျောင်း ၆၂ ကျောင်းရှိလာ
တနင်္သာရီတိုင်း တနင်္သာရီမြို့မှာ တပတ်နီးပါး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး အစိုးရ စာသင်ကျောင်းတွေ ပိတ်ထားရတာ အခု ဆိုရင် ၆၂ ကျောင်း ရှိနေပြီလို့ တနင်္သာရီမြို့ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
မြစ်ရေဟာ ဆက်လက်တက်နေလို့ တနင်္သာရီမြို့မှာ ဖွင့်ထားရတဲ့ ရေဘေးဒုက္ခသည်စခန်း ၁၁ ခုအထိ ရှိလာပြီလို့လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
မြို့အနိမ့်ပိုင်း ကျေးရွာအားလုံး ရေနစ်မြှပ်နေသလို မြို့ပေါ်မှာလည်း ရေဆက်တိုးနေလို့ ရေဘေးရှောင်သူ ဦးရေဟာ ၁၇၀၀ ကျော် ရှိလာပြီလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
တနင်္သာရီမြစ်ရေဟာ ဇူလိုင် ၂၀ ရက်မှာတော့ မြို့ရဲ့စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၇ ပေကို ကျော်လွန်ပြီး ၂၆ ပေ အထိ ရောက်ရှိလာတယ်လို့ သူတို့တွေက ပြောပါတယ်။
မြိတ် - တနင်္သာရီ- ကော့သောင်းကို ဆက်သွယ် သွားလာနေတဲ့ ကားလမ်းမှာ ရေကျော်နေတဲ့ နေရာ ၅ နေရာ ရှိပြီး လမ်းပေါ်မှာတင် ရေက ၆ ပေ နီးပါး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကားလမ်းရေကျော်လို့ ဆက်သွယ်သွားလာတာတွေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းကနေ ဒီကနေ့အထိ ရပ်နားထားပြီး အရေးပေါ်သွားလာဖို့အတွက် ဇက်သင်္ဘောတွေနဲ့ ကူးဖြတ်ပို့ဆောင် ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ရဲ့အနိမ့်ပိုင်းကျေးရွာ ၃၀ လုံး ရေနစ်မြှုပ်ကုန်ပြီး မြို့ရဲ့တစ်ဝက်ကျော်ကိုလည်း ရေကြီးနစ်မြှုပ် လာတယ်လို့လည်း တနင်္သာရီမြို့ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
အဲဒီဒေသတွေဟာ မိုးရာသီမှာ ရေကြီးလေ့ရှိပေမယ့် ခုလိုရေကြီးတာဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်း အဆိုးဆုံး အခြေအနေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးရှောင်စခန်းမှာ နေထိုင်နေရတဲ့သူတွေကို ဒေသအာဏာပိုင်တွေနဲ့ အလှုရှင်တွေက ထောက်ပံ ကူညီပေးနေပေမယ့် ရက်ရှည်လာရင် အခက်အခဲတွေ ရှိလာနိုင်တယ်လို့လည်း တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးတာက ဇူလိုင် ၁၇ ရက်မှာ စတင်တာဖြစ်ပြီး ဒီကနေမှာလည်း ရာသီဥတုအခြေအနေက မိုးရွာသွန်းနေတုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။