ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မွန်ပြည်နယ် ရေကြီးမှု လူသေဆုံးမှုရှိ
မွန်ပြည်နယ် မြို့နယ် အတော် များများမှာ မိုးကြီးလို့ ဆယ်စုနှစ် များစွာ အတွင်း အဆိုးဝါးဆုံး ရေကြီး ရေလျှံတဲ့ ဒဏ်ကို ခံခဲ့ရကာ လူသေဆုံး မှုတွေ လည်း ရှိခဲ့ ပါတယ်။
မော်လမြိုင် မှာတော့ မြွေကိုက်လို့ လူ တဦး သေဆုံး ခဲ့ပြီး မုဒုံဘက် မှာတော့ မိသားစု ၃ ဦး ရေထဲ မျောသွား ခဲ့ပါတယ်။
ရေထဲ မျောသွားတဲ့ မိသားစု ထဲက အမျိုးသားက ပျောက်ဆုံး နေပြီး ၃ နှစ်အရွယ် ကလေးက သေဆုံး သွားခဲ့ပါတယ်။ အမျိုးသမီး ဖြစ်သူ ကတော့ အသက်ရှင် ကျန်ရစ် ခဲ့ပါတယ်။
ဒါ့အပြင် ဒေသခံ တွေရဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ပျက်စီး ဆုံးရှုံးမှု အတိုင်းအတာ ကလည်း အများအပြား ရှိတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
အဲဒီလို ပျက်စီး ဆုံးရှုံး မှုတွေ ထဲမှာ စပါးစိုက်ခင်း အပါ အဝင် သီးနှံတွေ အဓိက ပျက်စီး ကုန်ပြီး ဆားချက်တဲ့ ကွင်းတွေလည်း ရေမြုပ် ဆုံးရှုံး တာတွေ ရှိတယ်လို့ မွန်ပြည်နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ဘီဘီစီကို ပြောပါတယ်။
ဒီအတွက် တောင်သူတွေ အနည်း နဲ့ အများ ဆိုသလို ဒုက္ခ ရောက်နိုင်တယ်လို့ လည်း ဆိုပါတယ်။
မုတ္တမ တိုက်နယ် ဆေးရုံ ဆိုရင် နံရံတွေ အားလုံး ပြိုကျကုန်ပြီး ဆေးရုံ တခုလုံး ရေမြုပ်သွားတဲ့ အတွက် လူနာတွေ အကုန်လုံး ဘေးလွတ်ရာကို ပြောင်း ရွှေ့ ခဲ့ ရတယ် လို့လည်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
မော်လမြိုင်မှာလည်း လက်ရှိ ဒုက္ခသည် ၁၀၀၀ လောက်ဟာ ဘုန်းကြီး ကျောင်းတွေမှာ ခိုလှုံ နေကြ ရတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် အဲဒီ ဒေသတွေကို သွားရောက်ပြီး ဒုက္ခ ရောက်သူတွေကို ကူညီနိုင်ဖို့ သဘာဝ ဘေးအန္တရာယ် နဲ့ ပတ်သက်တဲ့ ဘဏ္ဍာငွေထဲ ကနေ ထုတ်ယူသုံး စွဲမယ်လို့ ဆိုပါတယ်။
မြစ်ရေ တက်တဲ့ အချိန်နဲ့ မိုးရေ များတဲ့ အချိန် တိုက်ဆိုင် သွားမယ် ဆိုရင် နောက်ထပ်လည်း အခုလို ဖြစ်နိုင် တာကြောင့် ဒါကို ပြည်နယ် အစိုးရ အနေနဲ့ အသေ အချာ ကြိုတင် ကိုင်တွယ် ဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ လည်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။