ပင်လုံညီလာခံ ရဲ့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲ သဘောတူညီမှုမရသေး

ဓာတ်ပုံ ရင်းမြစ်, EPA
၂၁ ရာစုပင်လုံညီလာခံ ရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပလာတာ စနေနေ့မှာ ၄ ရက်မြောက် ရှိလာပေမယ့်လည်း နိုင်ငံရေး ကဏ္ဍမှာ သဘောတူညီမှုတွေ မရသေးပါဘူး။
နိုင်ငံရေးကဏ္ဍ ကို ဆွေးနွေးကြတယ်ဆိုရာမှာလည်း ကျားမ တန်းတူညီမျှရေး ဆိုတဲ့ ခေါင်းစဉ် တခုကိုသာ ဆွေးနွေးကြတာပါ။
အဲဒီ ခေါင်းစဉ်အောက်မှာတော့ အကြောင်းအရာ ၄ မျိုး ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီအကြောင်းအရာတွေ ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တို့ကိုအခြေခံသော ပြည်ထောင်စုရဲ့ မည်သည့် နိုင်ငံသားကို မဆို ကျားမ ဆိုင်ရာ လိင်ကွဲပြားမှု ကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရန်၊ ကဏ္ဍ အသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကိုအားပေးရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတွင် ကျားမရေးရာ အခြေပြု အကြမ်းဖက်မှုများ အား ကာကွယ်နိုင်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောက်ရွက်ရန်၊ ကျားမဆိုင်ရာ တန်းတူညီမျှမှု ကို အထောက်အကူပြုစေရေးအတွက် အမျိုးသမီးများ ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် စသည်တို့ ပါဝင်ပါတယ်။
ညီလာခံတက်လာတဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေး ကြရာမှာ အဲဒီ စာသားတွေ ထဲမှာ ပြည်ထောင်စု ဆိုတဲ့ စကားရပ်နဲ့ပတ်သက်လို့ တပ်မတော်ကိုယ်စားလှယ်တွေ က အဲဒီ စကားလုံး အစား ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ စကားလုံး ကို ပြောင်းချင်ကြောင်း၊ အဲလိုမဟုတ်ပါက မြန်မာနိုင်ငံ မဟုတ်ပဲ မည်သည့်နိုင်ငံ ကို ဆိုလိုတယ် ဆိုတာ မရှင်းလင်းကြောင်း အကြောင်းပြ ကြတယ် လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တအာင်း ပလောင် ပါတီ က မိုင်းဝင်းထူး က ဘီဘီစီ ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
အခုလို ကိစ္စရပ်တွေ က အစ သဘောတူညီမှုရအောင် ဆွေးနွေး လုပ်ဆောင်နေရတဲ့ အတွက် ငြိမ်းချမ်းရေး ညီလာခံ က နေ ရလဒ်တွေ ထွက်လာဖို့ က သိပ်ကြန့်ကြာနိုင်ကြောင်းလည်း သုံးသပ် ကြပါတယ်။
ငြိမ်းချမ်းရေး ညီလာခံ ၄ ရက် ပြီးမြောက်တဲ့ အခြေအနေမှာ စီးပွားရေးကဏ္ဍ တစ်ခုတည်းပဲ သဘောတူညီမှု ရရှိသေးပြီး မြေယာနဲ့သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာလဲအချက် ၂ ချက် သဘော မတူညီနိုင်သေးဘူးလို့သိရပါတယ်။
အခုလိုသဘောတူညီတာတွေ မရတဲ့အတွက် ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ပြန်လည် ကျင်းပပြီး ဆွေးနွေးကြရဦးမှာပါ။








