ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုက်တာအမှု စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်တော့မယ်
အင်းဒင် အမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ် ဆိုပြီး တရားစွဲဆို ခံနေရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ရဲ့ အမှုကို ဒီနေ့ ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့်ကို လာမယ့် ဇူလိုင်လ ၉ ရက်နေ့မှာ အမိန့်ချမယ်လို့ သတင်းထောက်တွေ့ရဲ့ရှေ့နေက ပြောပါတယ်။
တရားရုံးမှာ တရားလိုပြသက်သေ နှစ်ဆယ်ကျော်ကို စစ်ဆေးပြီးတဲ့နောက်မှာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ထွက်ဆိုချက်တွေ မတွေ့ရကြောင်း ရိုက်တာသတင်းထောက်တွေ ဘက်က ရှေ့နေဦးသန်းဇော်အောင်က ဆိုပါတယ်။
ရိုက်တာ သတင်းထောက်တွေဘက်က ရှေ့နေရဲ့ လျှောက်လဲချက်မှာ အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၃ မှာပါတဲ့ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိတယ် ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း ရေးသားခဲ့တယ်လို့ ဦးသန်းဇော်အောင်က ဆိုပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် က ဖမ်းဆီးခဲ့ပြီး လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဟာ အခုဆိုရင် ၆ လကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။
သူတို့ကို ဖမ်းတုန်းက ရခိုင်ပြည်နယ် မောင်တော ဒေသက မြင်းလွတ် ရဲစခန်းရဲ့မြေပုံကြမ်း စာရွက်နဲ့ အမှတ် ၈ လုံခြုံရေးတပ်ရဲ့ ကွပ်ကဲ ဒေသမှာ ရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင် အခြေအနေနဲ့ လူနေထိုင်တဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ စာရွက် တွေ့ရတဲ့အတွက် သတင်းသမား နှစ်ယောက်ဟာ သတင်း အချက်အလက်ကို တရားမဝင်ယူဖို့ ကြိုးစားတယ်ဆိုပြီး လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ အစိုးရက တရားစွဲဆိုထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအင်းဒင်က ရွာသား ၁၀ယောက် အသတ်ခံရတဲ့ အကြောင်းကို ရိုက်တာသတင်းထောက်နှစ်ယောက် ရေးသားထားတဲ့သတင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံသတင်းထောက် နှစ်ယောက်ဟာ နိုင်ငံတကာက ပေးအပ်တဲ့ ဆုတွေလည်း ရခဲ့ပါတယ်။