တပ်ချုပ်အာဏာသိမ်းဖို့ မခြိမ်းခြောက်ကြောင်း သမ္မတရုံးပြော

ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် လယ်ရီ ဂျာဂန်ရဲ့ ကုလကိုယ်စားလှယ်အနေနဲ့ မြန်မာမှာ အာဏာသိမ်းနိုင်မှု ဖြစ်နိုင်ချေကို ရှောင်လွှဲခဲ့တယ် UN envoy averts possible military coup in Myanmar ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားတဲ့ အာဏာသိမ်းမှုနဲ့ သက်ဆိုင်တဲ့ ရေးသားဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

ဘန်ကောက်ပိုစ့်က ဖော်ပြခဲ့တဲ့ အဲဒီ ဆောင်းပါးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ လွန်ခဲ့တဲ့ အပတ်တွေအတွင်းက မြန်မာ ခရီးစဉ်အကြောင်း နေပြည်တော်မှာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပုံနဲ့ နေပြည်တော်မှာ ကုလရုံးဖွင့်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

အဲဒီရုံးဖွင့်ဖို့ အကြောင်းနဲ့ ဆက်စပ်ဖော်ပြတာကတော့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အစိုးရ တပ်မတော် ၊ လွှတ်တော် ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအကြောင်းလည်း ပါဝင်ပါတယ်။

အားလုံး ပူးပေါင်းပါဝင်ပြီး နိုင်ငံခြားသား ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်အရေး စစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ကိစ္စမှာတော့ စစ်တပ်နဲ့ အစိုးရအကြား အချေတင်ပြောဆိုစရာဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အဲဒီကိစ္စကို လက်မခံခဲ့ဘူးလို့ အငြိမ်းစား တပ်မတော် အရာရှိကြီး တဦးက ပြောဆိုတယ်ဆိုပြီး ရေးသားထားတာပါ။

အစိုးရအနေနဲ့ ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မှု မရှိဘူးဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် အရ တပ်မတော်က အာဏာယူမယ်လို့ တပ်မတော်ခေါင်းဆောင်တွေက ပြောဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒါပေမယ့် ရခိုင်ဒေသကိုပဲ ဆိုလိုသလား၊ တနိုင်ငံလုံးကို ဆိုလိုသလားမသိရဘူးလို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ ရခိုင်အရေး ၊ နိုင်ငံတကာ ဆက်ဆံရေး ၊ လုံခြုံရေးတို့နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာဖြစ်ပြီး ခေါင်းဆောင်တွေအားလုံးက အေးအေးဆေးဆေး ဆွေးနွေးခဲ့တာဖြစ်ကာ အာဏာသိမ်းမယ်လို့ တပ်မတော်ဘက်က ခြိမ်းခြောက်တယ်ဆိုတာ မမှန်ဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေ အာဏာသိမ်းဖို့အထိ ပြောတယ် ဆိုတာမျိုးက လုံးဝမှားပါတယ် လို့ ဦးဇော်ဌေးက ဇွန်လ ၂၇ ရက် မနက်ပိုင်းက မီဒီယာတွေကို ပြောပါတယ်။