တောင်အလုံး ၅၀ လောက်ပျောက်ဆုံးခဲ့ရတာကြောင့် ဖားကန့်မှာ မြေ ခဏခဏပြိုနေတာ လို့ဆိုနေကြ

ဓာတ်ပုံ ရင်းမြစ်, NAUNG LAT
ဖားကန့်မှာ ကျောက်စိမ်းတူးဖော်မှုကြောင့် ရေကြီးမြေပြိုပြီး လူသေဆုံးမှုတွေဖြစ်ရတာလို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ကြည့်သူတွေက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ဖားကန့်မှာ စည်းကမ်းမဲ့ကျောက်စိမ်းတူးဖော်မှုကြောင့် ၂၀၀၇ က နေ ၂၀၁၈ ထိ ၁၀နှစ် တာ ကာလအတွင်း တောင်အလုံး ၅၀ လောက် ပျောက်ဆုံးသွားပြီး မြစ်ချောင်း ၂၃ ခု ကောသွားတယ်လို့ စိမ်းလန်းသော မြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကပြောပါတယ်။
တောင်တွေပျောက်ဆုံးပြီး မြစ်ချောင်း ၂၃ ခုကောသွားတဲ့အတွက် မြေမျက်နှာပြင် အနေအထားတခုလုံးဟာ ပြောင်းလဲသွားတယ်၊ မြေမျက်နှာပြင် ပြောင်းလဲသွားတဲ့ အတွက် မိုးရွာတဲ့အခါ ရေတွေက စီးနေကျလမ်းကြောင်း အတိုင်း မစီးဆင်းတော့ဘဲ ရေဦးတည့်ရာစီးဆင်းသွားတဲ့အခါ လူနေရပ်ကွက်တွေ အတွင်းမှာ ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေဖြစ်လာတယ်လို့လည်း စိမ်းလန်းသောမြေရဲ့ တာဝန်ခံ ဦးနောင်လတ်က ဘီဘီစီကို ပြောပါတယ်။
ပြောင်းလဲသွားတဲ့ ရေစီးကြောင်းဟာ တောင်စောင်းတွေကို အရှိန်အဟုန်နဲ့ တိုက်စားတဲ့ အခါ မြေပြိုမှုတွေဖြစ်ပွားရတယ်ဆိုတာ မှန်ကန်ကြောင်း ဘူမိဗေဒပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းကလည်း ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် မိုင်းခွဲလို့ဖြစ်တဲ့ မြေကြီး အက်ကြောင်းတွေထဲကိုရေဝင်ပြီး တောင်ပြိုတာတွေလည်း ဖြစ်နိုင်တယ်လို့ လည်း သူ က ဆိုပါတယ်။
ရေမြေတောတောင်တွေ အနေအထားပြောင်းလဲပြီး ဂေဟစနစ်ပြောင်းလဲသွားတာမျိုး မဖြစ်အောင် စနစ်တကျ အစီအစဉ်ဆွဲပြီး လုပ်ဆောင် သင့်တယ်လို့ ဒေါက်တာစိုးမိုးကျော်ဝင်း ကပြောပါတယ်။
အန္တရာယ်ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့နေရာတွေက လူနေရပ်ကွက်တွေကိုလည်း ကြိုတင်ပြီး စနစ်တကျဖယ်ရှားရွှေ့ပြောင်းတာတွေ လုပ်ပေးသင့်တယ်လို့လည်း သူ က ဆိုပါတယ်။
ဖားကန့်မှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကြီးစိုးနေပြီး တရားဥပဒေစိုးမိုးမှုမရှိလို့ စနစ်တကျထိန်းချုပ်ကွပ်ကဲဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။








