ရှမ်းပြည် ကျောက်မီးသွေးစက်ရုံ ဆက်လည်ပတ်လို့ ထပ်ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, SANJIB DUTTA
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသ ကျောက်မီးသွေး စက်ရုံ တနှစ်တာ စမ်းသပ်လည်ပတ်မှု ပြီးသွားပေမယ့် စီမံကိန်း ဆက်လက် လည်ပတ်သွားမှာကို တီကျစ်ဒေသခံလူထု အနေနဲ့ စိုးရိမ်ပူပန် နေကြတယ်လို့ သဘောထား ကြေညာချက်တစောင်ကို ဇွန်လ ၂ဝ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်စာထဲမှာ တီကျစ်ကျောက်မီးသွေး သတ္ထုတွင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အပွင့် ကျောက်မီးသွေးတွင်း ဖြစ်ပြီး နေ့စဉ် ကျောက်မီးသွေးတန်ချိန် ၂ဝဝဝ ခန့် ထုတ်လုပ်နေတယ်လို့ ဖော်ပြ ထားပါတယ်။
'' ဒီလေးငါးရက်အတွင်းမှာဆို မိုးတွေက ရွာတော့ သူ့အလိုလို မီးထလောင်တာလည်းရှိတယ်။ ညှော်နံ့ တွေ က ပတ်ဝန်းကျင်ကရွာတွေကို ဆိုးဆိုးရွားရွားကို ပျံ့နေတာ။ ပြီးတော့ ပေါက်ကွဲတဲ့အသံတွေကလည်း တော်တော်ကို ကျယ်လောင်တယ်။ ရွာနဲ့က ကပ်နေတာ ဆိုတော့ ရွာမှာနေတဲ့သူတွေ တော်တော်ကို အဆင် မပြေတာ။ ဒီစက်ရုံလည်ပတ်မယ်ဆိုရင် သေချာတာတော့ ကျွန်တော်တို့လည်း သက်တမ်းစေ့ နေနိုင်မှာ မဟုတ်ဘူး။ နောက်မျိုးဆက်လည်း သက်တမ်းစေ့နေရမှာမဟုတ်ဘူး။ ဒါကြောင့် ဒီစက်ရုံလည်ပတ်တာကို မရပ်တန့်ဘူးဆိုရင်တော့ ဒေသခံတွေအနေနဲ့ ရှေ့ဆက်ပြီး လုပ်သင့်တာကိုလုပ်သွားမှာပါ၊ ဘာလုပ်မယ်ဆိုတာ အခုတော့ မပြောနိုင်သေးပါဘူး'' လို့ တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ ကပ်လျက်ရှိနေတဲ့ သာယာကုန်းရွာက ခွန်ဝင်းထိန်က ပြောပါတယ်။
ဒီစက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းကုမ္ပဏီ (China National Heavy Machinery Corporation-CHMC) က ၂ဝဝ၂ ခုနှစ်မှာ စတင်တူးဖော်လည်ပတ်ခဲ့တာ ဖြစ်ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံအတွက် အဓိကထား ထုတ်ယူနေတဲ့ မိုင်းတွင်းလည်း ဖြစ်ပါတယ်။ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အဓိကထား ထုတ်ယူနေတဲ့ မိုင်းတွင်း ဖြစ်တာကြောင့် ၂၀၁၄ ခုနှစ် လျှပ်စစ်စက်ရုံရပ်ဆိုင်းချိန်မှာ မိုင်းတွင်းတူးဖော်မှုလည်း ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှာ ဓာတ်အားပေးစက်ရုံ ပြန်လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံက Wuxi Huanggaung Electric Power Engineering ကုမ္ပဏီနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် တီကျစ်ကျောက်မီးသွေး စက်ရုံကို ၂ဝ၁၇ မေမှာ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ပြီး လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SYCB
ကျောက်မီးသွေးသတ္တုတွင်း စတင်တူးဖော်တဲ့အချိန် ၂ဝဝ၃ ခုနှစ်မှာ မိုင်းတွင်းနဲ့ မလွတ်ကင်းတဲ့ တောင်ပို့လ နဲ့ လိုင်ခါးကျေးရွာတွေမှာရှိတဲ့ လူဦးရေ ၄ဝဝ ကျော် အိမ်ထောင်စု ၇ဝ ကျော်ခန့် ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး ဖြစ်ပါတယ်။
ပြောင်းရွှေ့ခဲ့ရသူတွေထဲမှာ လျော်ကြေးမရဘဲ မြေယာသိမ်းဆည်းခံရသူတွေရှိသလို လျော်ကြေး အနည်းငယ်ရရှိတဲ့ ဒေသခံတွေလည်းရှိတယ်လို့ သဘောထားထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တီကျစ် ကျောက်မီးသွေးစက်ရုံကို ဆက်လည်ပတ်ဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သာယာကုန်း ရွာသားဖြစ်သူ ခွန်ဝင်းထိန်က '' ဒီစက်ရုံက စမ်းသပ်ကာလ ပြည့်သွားပေမယ့် တနှစ်ထပ်တိုးပြီး လည်ပတ်ဖို့ ခွင့်ပြုချက် ရထားတယ် လို့လည်း ကြားရတယ်။ နောက်ထပ် စမ်းသပ်လည်ပတ်မယ် ဆိုရင် လူနည်းစုအသံကိုပဲ မယူပါနဲ့။ ဒေသခံအားလုံးကို ပါအောင် သဘောထားရယူစေချင်ပါတယ်'' လို့ ဒေသခံအများစုရဲ့ သဘောထားကို ပြောပြ ပါတယ်။
စက်ရုံစတင် လည်ပတ်စဉ်ကနေ ၁ဝ နှစ်ကျော်ကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု တွေကို ကြုံတွေ့ခဲ့ရပြီး စိုက်ပျိုးရေးပြဿနာတွေ ဖြစ်တဲ့ မြေယာဆုံးရှုံးခြင်း၊ မြေဆီလွှာတွေ ပျက်စီးတာ ရေခမ်းခြောက် တာတွေ အပြင် သွားလာရေး ခက်ခဲခြင်းနဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ သွေးတိုးတာ၊ ခေါင်းကိုက်တာ၊ လမစေ့ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတဲ့နှုန်း မြင့်မားလာတာ၊ ယားယံတဲ့ဝေဒနာတွေကို ခံစား နေကြရတယ်လို့ ဒေသခံတွေကပြောကြားထားပါတယ်။








