ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့မှာ ဘုရားဌာပနာပိတ်
ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့မှာ နေပြည်တော်က ထာဝရငြိမ်းချမ်းရေး စေတီတော်ရဲ့ မူလဌာပနာပိတ်ပွဲ ကျင်းပခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ရည်စူးပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ပတ္တမြားတပြည် မြတပြည် ကျောက်စိမ်းတပြည်နဲ့ နီလာတပြည်စီ၊ မြေသားနဲ့ပြုလုပ်ထားတဲ့ မညှိုးပန်းတွေကို ဌာပနာတော် အတွက် လှူခဲ့တယ်လို့ ဘုရားဂေါပကတဦးက ပြောပါတယ်။
ဒက္ခိဏသီရိ မြို့နယ်ထဲမှာ ထည်ထားကိုးကွယ်မယ့် ငြိမ်းချမ်းရေး စေတီတော် ဖြစ်ပြီး ဌာပနာမယ့် ပတ္တမြား ကျောက်စိမ်း မြနဲ့ နီလာတွေက ကျောက်ဖြုန်းတွေပါ။
ဒါ့အပြင် ဗောဓိပင်နဲ့ရွှေပလ္လင်၊ အောင်ခြင်းရှစ်ပါး၊ ဖွားတော်မူခန်း၊ စေတီရုပ်ပွားတော်တွေ၊ ဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို လှူထားတဲ့ လက်ဝတ်ရတနာအချို့နဲ့ ပိဋကတ်သုံးပုံတို့ကို စေတီရဲ့ ဌာပနာအဖြစ် လှူခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို လွှတ်တော်ထဲက အိုင် ၁၂ အဆောင်မှာ ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ချိုးဖြူငှက် ၇ ကောင် ကိုလွှတ်ခဲ့ပါတယ်။
လွှတ်တော်ဝင်းထဲမှာ ကျင်းပတဲ့ မွေးနေ့အခမ်းအနား ကိုတော့ သမ္မတဟောင်းဦးထင်ကျော် တက်ရောက်လာသလို သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးနဲ့ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်အချို့အပြင် သူရဦးရွှေမန်းနဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ မွေးနေ့ပွဲ တက်တာတော့ မတွေ့ရပါဘူး။
ရန်ကုန် မန္တလေးနဲ့ နိုင်ငံအနှံ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့တွေ ကျင်းပတာ တွေ့ရပါတယ်။