ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NVC ကဒ်လည်း ယာယီသက်သေခံကဒ်လို ဖြစ်မှာစိုးရိမ်နေ
မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Christine Schraner Burgener ဟာ ရခိုင်ပြည်နယ် စစ်တွေမှာ ရှိတဲ့ သက်ကယ်ပြင် ဒုက္ခသည် စခန်းကို ဇွန်လ ၁၇ ရက်နေ့က သွားရောက်ကာ မွတ်ဆလင် ဒုက္ခသည် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ အခွင့်အရေး နဲ့ ပတ်သက်ပြီး သူမ အနေနဲ့ အာမခံပေးလို့ မရကြောင်း ၊ လက်ရှိ နေထိုင်ရေးနဲ့ ရနေတဲ့ အခွင့်အရေးတွေ အပြင် အကျိုးခံစားခွင့်တွေကို မေးမြန်းခဲ့ကြောင်း ၊ သူမ အနေနဲ့ အခု ခရီးစဉ်မှာ နားထောင်ဖို့ သက်သက် လာတာ ဖြစ်ကြောင်းကို မစ္စက် ဘူခနာက ရှင်းပြခဲ့တယ်လို့ သက်ကယ်ပြင် ဒုက္ခသည် စခန်းက ဦးကျော်ဝင်း က ပြောပါတယ်။
လက်ရှိ အစိုးရက ထုတ်ပေးနေတဲ့ NVC ကဒ်တွေနဲ့ ပတ်သက်လို့ သူတို့ အနေနဲ့ အရင်ကလည်း ယာယီ သက်သေခံ ကဒ်ပြားတွေ ထုတ်ပေးခံရဖူးပြီး အဲဒီ ကဒ်ပြားတွေရဲ့ သက်တမ်းက ၂၀၁၀ မှာ ကုန်ဆုံးသွားခဲ့တာကြောင့် အခု ထုတ်ပေးတဲ့ NVC ကဒ် ကလည်း ဒါမျိုး ဖြစ်မှာကို သူတို့ အနေနဲ့ အထူး စိုးရိမ်မိကြောင်း ၊ ဒီကဒ်ပြားရဲ့ အာမခံချက် ရှိမှုနဲ့ ပတ်သက်ပြီး သံသယ ၀င်တာကြောင့် လက်မခံကြတာလို့ ဒုက္ခသည်တွေက ပြန်ပြောပြခဲ့ရာမှာ ကုလ အထူး ကိုယ်စားလှယ်က သူမ အနေနဲ့ ဒီကိစ္စကို ပြည်နယ် အစိုးရ ၊ ပြည်ထောင်စု အစိုးရတို့နဲ့ ဆွေးနွေးမယ်လို့ ပြောကြောင်း ဦးကျော်ဝင်း က ဆိုပါတယ်။
ဒုက္ခသည်တွေ အနေနဲ့ နိုင်ငံသား အခွင့်အရေး နဲ့ ပတ်သက်လို့ သူမဆီ တင်ပြခဲ့ပြီး သူတို့ လက်ရှိ နေထိုင်ရာ ဒုက္ခသည် စခန်းကို အစိုးရက ဖျက်သိမ်းမယ် ပြောနေတာကြောင့် ဘယ်မှာ ပြန်ဆောက် ပေးမလဲ ဆိုတာ သိချင်တယ်လို့ ကုလ အထူးကိုယ်စားလှယ်ကို သူတို့က မေးမြန်းခဲ့တယ်လို့ သူက ပြောပါတယ်။
သူတို့ မူလ နေရင်း ဒေသမှာ ရခိုင်နဲ့ မွတ်ဆလင် လူ့အဖွဲ့အစည်းတွေကြား ဘယ်လို ပြဿနာမျိုး ဖြစ်ခဲ့တာလဲ ၊ အခု ဘာလို့ မြို့ပေါ် တက်ခွင့် မရှိတာလဲ ၊ ဒီနေရာမှာ ဘာလို့ ဆက်နေ နေရတာလဲ စသဖြင့် မစ္စက် ခရစ်စတီးနား ဘူဂနာ က သူတို့ကို မေးမြန်းခဲ့တယ်လို့ ဦးကျော်ဝင်း က ပြောပါတယ်။
ဒါ့အပြင် လက်ရှိ နေရာမှာ ဖျက်ပြီး အိမ်ဆောက်ပေးရင် အဆင်ပြေမလားလို့ မေးမြန်းတဲ့ အခါ မွတ်ဆလင် ဒုက္ခသည်တွေက သူတို့ အနေနဲ့ မူလ နေရာမှာဘဲ ပြန်နေလိုကြောင်း ၊ အဲဒီ နေရာမှာ တဲဘဲ ဆောက်ပေးအုံးတော့ အဲဒီမှာဘဲ သွားနေလိုကြောင်း ၊ လက်ရှိ နေရာမှာ လုံး၀ မနေလိုဘူး လို့ ပြန်လည် ဖြေကြားခဲ့တယ်လို့ သူက ဆိုပါတယ်။
သူတို့ အနေနဲ့ နောက်တနေရာမှာ နေဖို့ ဆန္ဒမရှိဘဲ မူလ နေရာမှာဘဲ ရခိုင်တွေနဲ့ အတူ နေလိုပြီး အရင်ကလည်း ရခိုင်တွေနဲ့ အတူနေလာတာမို့ အခုလဲ အတူနေချင်တယ်လို့ တုန့်ပြန် ပြောကြားခဲ့ကြောင်း ဦးကျော်ဝင်း က ပြောပါတယ်။