ထိုင်းရောက် မြန်မာ အလုပ်သမားအရေး မြန်မာသံရုံးကူညီဖို့ သမ္မတပြော

ထိုင်း၊ မြန်မာ၊ အလုပ်သမား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထိုင်းရောက် မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ခွင့် ရရေးကို ထိုင်းမြန်မာ ဆွေးနွေးပွဲမှာ သမ္မတ ဦးဝင်းမြင့် ဆွေးနွေးခဲ့

ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးဝင်းမြင့်ဟာ ဘန်ကောက်မြို့က မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမားတွေ အရေးနဲ့ ပတ်သက်လို့ မြန်မာသံရုံး အနေနဲ့ အကူအညီပေး ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လာမယ့် ဇူလိုင်လကျရင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို စတင် ဖမ်းဆီး အရေးယူမှာ ဖြစ်တာမို့ မြန်မာ အလုပ်သမားတွေ အဖမ်းခံရတာမျိုး ရှိရင် မြန်မာသံရုံးက အကူအညီပေးဖို့ သမ္မတ ဦးဝင်းမြင့်က ပြောသွားပါတယ်။

ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ထိုင်းမြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲတုန်းကလည်း သမ္မတဦးဝင်းမြင့်က ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ခွင့် ရရေး၊ သင့်လျော်တဲ့ ရပိုင်ခွင့်နဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ပေးရေးတွေကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အရင်ကတည်းက ရှိနေတဲ့ မြန်မာ အလုပ်သမားတွေ အထဲက တရားမဝင် ဖြစ်နေသူတွေကို နောက်ဆုံးအဆင့် CI ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အသိအမှတ်ပြုလွှာတွေ ထုတ်ပေးခဲ့ပြီ ဖြစ်သလို ကျန်နေတဲ့ လူတသိန်းလောက် အတွက်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးနေတယ်လို့ ထိုင်းအစိုးရဘက်က ထုတ်ဖော် ပြောထားပါတယ်။

အခု မြန်မာနဲ့ ထိုင်းကုမ္ပဏီတွေက MoU နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ထိုင်းနိုင်ငံကို မြန်မာ အလုပ်သမားတွေ စေလွှတ်နေကြရာမှာ နေ့စဉ် မြန်မာ အလုပ်သမား ငါးထောင်နဲ့ တသောင်း ကြား ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ဖို့ လာနေကြပါတယ်။

အခုလို မြန်မာနဲ့ ထိုင်းကုမ္ပဏီတွေက ထိုင်းနိုင်ငံကို မြန်မာ အလုပ်သမားတွေ တရား၀င် စေလွှတ်နေတာ ရှိနေပေမယ့်လည်း နယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်မှုတွေ ရှိနေသေးတာကြောင့် ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာ အလုပ်သမားတွေ အဖမ်းအဆီး ခံရတာတွေကို ထိုင်းသတင်းတွေမှာ မကြာခဏ တွေ့နေရပါတယ်။