ထိုင်းမှာ တရားမဝင်အလုပ်လုပ်သူတွေကိုနှင်တော့မယ်

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအပါအဝင် နိုင်ငံခြားသား အလုပ် သမားတွေကို ဇူလိုင်လ ၁ရက်နေ့က စတင်ပြီး ရှာဖွေဖမ်းဆီးတော့မယ်လို့ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးက ကြေညာ ထားပါတယ်။
မကြာခဏဆိုသလို ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီး အရေးယူတာတွေ ရှိတဲ့အတွက် ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်အောင် လက်မှတ်တွေထုတ်ပေးဖို့ အတွက်နိုင်ငံတကာက ဖိအားပေးတာတွေ ခံခဲ့ရပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံကနေ ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်တဲ့ ဥပဒေသစ်ကို ပြဌာန်းပြီးနောက် အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေအပြင် တခြားနိုင်ငံခြားသား အလုပ်သမားတွေကိုပါ နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) တွေကို ၂၀၁၇ မတ်လက စပြီး လုပ်ပေးခဲ့ပါတယ်။
ဒါကြောင့် ဒီဇူလိုင်လ ၁ရက်နေ့မှာ တရားမဝင် အလုပ်သမားတွေကို ပိုက်စိပ်တိုက်ရှာပြီးတော့ ဖမ်းဆီးတာ တွေ လုပ်တော့မယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာထားကြောင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ကွန်ယက်က ဒုဥက္ကဌ ဦးကျော်အောင်က ဘီဘီစီကို ပြောပါတယ်။
အထောက်အထားမဲ့နိုင်ငံခြားသားတွေမှတ်ပုံတင်ဖို့အတွက်တင်းတင်းကြပ်ကြပ်ကိုင်တွယ်တဲ့အနေနဲ့ ဥပဒေ သစ်ကို၂၀၁၇ခုနှစ် ဇွန်လ ၂၂ရက်နေ့ကထုတ်ပြန်ခဲ့ပြီး အထောက်အထားလက်မှတ်တွေကို မိမိနိုင်ငံမှာ ပြန်လုပ်ဖို့ အတွက်ခွင့်ပြုပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေအပါအဝင် နိုင်ငံတကာ အလုပ်သမားတွေကို CI ၊ ဗီဇာနဲ့ အလုပ် လုပ်ကိုင် ခွင့်တွေကို လုပ်ပေးခဲ့တာဟာ လူဦးရေ ၁၁သိန်းအထိ ထုတ်ပေးခဲ့ပြီးပြီဖြစ်ပြီးတော့ အခုကျန်ရှိနေတဲ့ အလုပ်သမား ဦးရေက သုံးသောင်းကျော်ပဲရှိတယ်လို့ ကိုကျော်အောင်က ပြောပါတယ်။
ဒီလို တရားဝင်လက်မှတ်လုပ်ဖို့ ကျန်ရှိနေတဲ့ အလုပ်သမားတွေက မဲဆောက်ဘက်မှာ ပိုများနိုင်ပြီးတော့ သူတို့ရဲ့ အလုပ်ရှင်တွေကိုယ်တိုင်က တရားဝင်လက်မှတ် CI ထက် တံတားကူးလက်မှတ်နဲ့ပဲ အသိအမှတ်ပြု အလုပ်ပေးနေတာတွေ ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Map ဖောင်ဒေးရှင်းက ကိုအေးက အခုလို ဘီဘီစီကို ပြောပါတယ်။
''သူတို့လက်မှတ်မလုပ်ပေးဘူးဆိုတာ ကုန်ကျစရိတ်ရယ်။ အလုပ်သမားတွေ လက်မှတ်လုပ်ရင် ခွင့်ပေး ရတာတို့၊ လက်မှတ်လုပ်တဲ့ကာလ အချိန်ပေးရတာတို့နဲ့ အလုပ်သမားတွေကိုယ်တိုင်က စိတ်လျော့တာလဲ ပါတယ်'' လို့ ကိုအေးက ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံကနေ အလုပ်လုပ်ဖို့ ဝင်ရောက် လုပ်ကိုင်သူတွေ များနေဆဲ ဖြစ်တဲ့အတွက် ရွှေ့ပြောင်း အလုပ်သမားတွေများနေသေးတာကြောင့် တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေအတွက် လက်မှတ်မရှိဘူးဆိုရင် အလုပ်သမားသာမက အလုပ်ရှင်ပါ နစ်နာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူအချို့က သုံးသပ် ပြောဆို ထားပါတယ်။








