ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအပေါ် ကုလခွဲခြားဆက်ဆံတယ်လို့ တပ်ချုပ်ပြော
ကုလသမဂ္ဂအနေနဲ့ မိမိတို့အပေါ် ခွဲခြားဆက်ဆံမှုနဲ့ ကန့်သတ်မှုတွေလုပ်နေတဲ့အတွက် အပြုသဘောမဆောင်တဲ့ လုပ်ဆောင်ချက်လို့ ပြောနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် ပြောပါတယ်။
ရခိုင်အရေးကို တပ်မတော်က ပါဝင်ဖြေရှင်းခဲ့ရာမှာ နယ်မြေတည်ငြိမ် အေးချမ်းရေးနဲ့ တိုင်းရင်းသားလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းသာ ဖြစ်ပြီး တဘက်နိုင်ငံ ၊ တဘက်အဖွဲ့အစည်းတွေနဲ့ လူ့အသိုက်အဝန်းကို ထိခိုက်အောင် ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ဇွန်လ ၁၄ ရက်နေ့တုန်းက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို ဒေသခံတွေက လက်ခံဖို့ ခက်ခဲလျက်ရှိနေပြီး အခြားဒေသတွေမှာတော့ ကုလရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံကြတာတွေ ရှိတဲ့အတွက် ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့လည်း တပ်ချုပ်က ပြောပါတယ်။
ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေ"၊ "ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင်" ဆိုသည့် မြန်မာဆိုရိုးစကားပုံနဲ့ ဆန့်ကျင်စွာပဲ ပြုမူဆောင်ရွက်နေတာတွေလည်း တွေ့ရသလို ပြဿနာ ဖြစ်ပွားမှုတွေမှာ တစ်ဦးတစ်ယောက်ချင်းရဲ့ ပြုမူဆောင်ရွက်ချက်နှင့် တပ်မတော်၏ ပြုမူဆောင်ရွက်ချက် ဟူ၍ ခွဲခြားသိမြင်ရန်လိုအပ်တယ်လို့လည်း တပ်ချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုမှာ အပြုသဘောဆောင်တဲ့ နိုင်ငံတွေရှိသလို နားလည်မှု လွဲမှားစွာနဲ့ ဆက်ဆံတဲ့ နိုင်ငံတွေလည်း ရှိနေတဲ့အတွက် အကျိုးရှိစေမယ့် အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ဖို့ ဆောင်ကြဉ်းပေးရန် တိုက်တွန်းလိုကြောင်း တပ်ချုပ်က ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံ၊ အသိပညာ၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် လိုအပ်ချက်များ ရှိနေတယ်လို့ တပ်ချုပ်က ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine ဟာ ဒီရာထူးမှာ သူမထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာကို ရောက်နေတာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူမရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က လူသားချင်းနားလည်မှု ဆိုင်ရာ အကူအညီတွေ ကုလသမဂ္ဂဘက်က ပေးသွားမှာ ဖြစ်တဲ့ အပြင်၊ ပြန်လည် ထူထောင်ရေးကိစ္စတွေ အကောင်အထည် ဖေါ်ရာမှာလည်း လက်တွဲ ဆောင်ရွက်မယ် ဆိုပြီး မစ္စ ဘူဂနာ က ထပ်လောင်း ကတိပြု ခဲ့ပါတယ်။
မစ္စ ဘူဂနာရဲ့ အခု မြန်မာပြည်ခရီးစဉ်ဟာ မြန်မာအစိုးရကို တစုံတခု အကြံပြုဖို့ထက် အခြေအနေတွေကို လေ့လာသွားဖို့ အဓိက အာရုံစိုက်တယ် ဆိုပြီး ကုလသမဂ္ဂ ဌာနေ ညှိနှိုင်း ရေးမှူးရုံးရဲ့ တာဝန် ရှိသူတဦးဖြစ်တဲ့ မစ္စတာ စတန်နီစလပ်ဖ် ဆေးလင်းက ဘီဘီစီကို ပြောပါတယ်။