လူထု လွှတ်တော်ကော်မတီ လက်မခံတဲ့ ကျောက်မီးသွေးစီမံကိန်းဆက်လုပ်မယ်

ဒေသခံတွေ ကန့်ကွက်မှုတွေ ရှိခဲ့ဲ့တဲ့ မိုင်းကိုင်မြို့နယ်ထဲက ကျောက်မီးသွေးတွင်းစီမံကိန်းကို စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၀ ခုနစ်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

ပြည်နယ် လွှတ်တော်ရေးရာကော်မတီတွေဘက်ကတော့ ကွင်းဆင်းစစ်ဆေးချက်ရလဒ်ကို မူတည်ပြီး ကျောက်မီးသွေးတူးဖော်မှု ဆက်မလုပ်ဖို့ အကြုံပြုထားတာပါ။

မိုင်းကိုင်မြို့ရဲ့ အစွန်ဘက်မှာရှိတဲ့ ဝမ်ယတ်၊ ခမ်းနားကျေးရွာအုပ်စု ဝမ်လေဒေသမှာ ဟိန်းမေတ္တာကုမ္ပဏီက တူးဖော်နေတဲ့ ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကပြုလုပ်ခဲ့တဲ့ ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေကြောင့် ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

တနှစ်ကျော် ယာယီရပ်ဆိုင်းခဲ့ပြီးနောက် အဲဒီတူးဖော်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုအစိုးရရဲ့ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ မေလ ကုန်ပိုင်းတုန်းက ညွှန်ကြားလာခဲ့တာပါ။

လူထုက ကန့်ကွက်နေပြီး လွှတ်တော်ကော်မတီတွေက ဆက်မလုပ်ဖို့ အကြံပြုချက်ကို သွေဖယ်ပြီး ကျောက်မီးသွေးတူးဖော်ခွင့်ကို ဆက်လုပ်ဖို့ ခွင့်ပြုလိုက်တာဖြစ်တယ်လို့ရှမ်းပြည်နယ်လွှတ်တော် သယံဇာတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်ရေးရာကော်မတီက အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်က ပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်ရေးရာ ကော်မတီ အပါအဝင် တရားဥပဒေ စိုးမိုးရေးရာ ကော်မတီ ၊ တိုင်ကြားစာ စီစစ်ရေးကော်မတီတို့ဟာ အဲဒီအငြင်းပွားစီမံကိန်းကို ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ကျောက်မီးသွေး ဆက်လက်တူးဖော်ခြင်း ခွင့်မပြုဖို့ အစိုးရဆီ အကြံပြုထားတဲ့ ကော်မတီတွေလည်း ဖြစ်ပါတယ်။

လွှတ်တော် ရေးရာကော်မတီတွေကတော့ ကျောက်မီးသွေးရှိတဲ့ တောင်ကုန်းပေါ်က သစ်တောတွေရှိနေတဲ့အပြင် စွန့်ပစ်ရေတွေကလည်း ချောင်းကတဆင့် လယ်ထဲနဲ့ မြို့ထဲက နမ့်တိန်းချောင်းထဲအထိ ဝင်နိုင်တဲ့ အခြေအနေမျိုးတွေပါ တွေ့ရတယ်။ ကုမ္ပဏီက ခွင့်ပြုမိန့်တင်စဉ်က ဒေသခံတွေရဲ့ ထောက်ခံချက် လက်မှတ်ဆိုပြီး လက်မှတ်အတုတွေပါ သုံးတာတွေပါ တွေ့ခဲ့ရတယ်လို့ တိုင်ကြားစာစီစစ်ရေးကော်မတီ ဥက္ကဌ စိုင်းမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

လတ်တလောအတွင်းမှာပဲ ကုမ္ပဏီဘက်ကတော့ ဆက်လက်တူးဖော်မှုတွေ လုပ်နိုင်ဖို့အတွက် ဇွန်လ ၉ ရက်နေ့ကပဲ မိုင်းကိုင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပါ လုပ်ခဲ့တယ်လို့ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက ပြောပါတယ်။

ကုမ္ပဏီက ရဟန်းသံဃာတော်တွေနဲ့ပါဆွေးနွေးချင်ပေမယ့် သံဃာတော်တွေက အတွေ့မခံဘူးလေ ၊ ဒီစီမံကိန်းက မြို့ရေဝေရေလဲတောတွေ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်တဲ့ စီမံကိန်းဖြစ်နေတယ်လို့ ဦးစိုင်းလုံက ပြောပါတယ်။

ပြည်နယ်အစိုးရဘက်ကတော့ တူးဖော်မှုကို ရပ်ဆိုင်းလိုက်ပါက တရားမဝင်တူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်တာ့ အခွန်ငွေဆုံးရှုံးနိုင်မှုနဲ့ တရားဥပဒေစိုးမိုးမှု ထိခိုက်လာနိုင်တာတွေကို အကြောင်းပြုပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုဖို့ ဗဟိုအစိုးရဆီ အကြောင်းကြားခဲ့တယ်လို့ ဗဟိုအစိုးရဆီ ပြည်နယ်က ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဆီဝန်ကြီးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။