ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်စစ်ပွဲ၇နှစ်ပြည့် ဆုတောင်းပွဲမှာ စစ်ပွဲရပ်ပေးဖို့တောင်းဆို
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ မိမိတို့နေရပ်ကနေ စွန့်ခွာ ထွက်ပြေးနေရတာဟာ ခုနစ်နှစ်ပြည့် လာပါပြီ။
စစ်ပွဲတွေ ရပ်ဖို့ နဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို အကူအညီပေးကြဖို့ ကချင် ဒုက္ခသည်တွေ အရေး ဆောင်ရွက်ပေးနေသူတွေက တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူ နေရပ်ပြန်ဖို့၊ အခုလက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ဖို့ဆိုတာကို တနိုင်ငံလုံးက လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက မကြာခဏဆိုသလို ပြောဆိုနေကြတာ ဖြစ်ပါတယ်။
အခုချိန်အထိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ပွဲပြင်းထန်မှုကြောင့် တောတောင်တွေမှာ ရက်တော်တော်ကြာပိတ်မိနေတဲ့ သူတွေ ရှိနေ ပြီးတော့ ဒုက္ခသည် စခန်းကို ရောက်နေတဲ့ စစ်ဘေးရှောင် ကျောင်းသူကျောင်းသားတွေ အတွက် ထောက်ပံ့ပေးဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဇွန်လ (၉)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကချင်ဒေသ (၇)နှစ်ပြည့် စစ်ဘေးသင့် ပြည်သူတွေအတွက် သဘောထား ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ အခုလတ်တလော စစ်ရှောင်စခန်းတွေကို အစိုးရက ပိတ်သိမ်းမယ်ဆိုတဲ့ အစီအစဉ်ကို ရပ်စေချင်ပြီး လုံလောက်တဲ့ အကူအညီပေးဖို့နဲ့ လွတ်လွတ်လပ်လပ် နေရပ်ကို ပြန်နေနိုင်ရေး အစရှိတာတွေကို စစ်ရှောင်စခန်းက ပြည်သူတွေနဲ့ ကော်မတီဖွဲ့ပြီး ရေးသားထားတာ ဖြစ်တယ်လို့ (၇)နှစ်ပြည့် စစ်ရှောင်ပြည်သူများရဲ့ ဆုတောင်းအစီအစဉ် ဖြစ်မြောက်ရေးကော်မတီက ဒေါ်နန်ပူက ပြောပါတယ်။
မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိတဲ့ ပြည်နယ် (၄)ခု မြို့နယ် (၁၅)ခုက စစ်ရှောင်စခန်းပေါင်း (၁၄))ကျော်ကို ပိတ်သိမ်းဖို့ မူဝါဒ လုပ်ထုံး လုပ်နည်းနဲ့ အညီ နိုင်ငံတကာစံချိန်စံညွန်းအတိုင်း ဆောင်ရွက်မယ်လို့ အစိုးရက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒီလို စစ်ရှောင်စခန်းတွေ ပိတ်ဖို့ အစိုးရဘက်က လုပ်နေပေမယ့် ကချင်ပြည်နယ် ဖားကန့်၊ ကာမိုင်း၊ လိုင်နောင်ခူး၊ မန်ဝယ်ရွာ၊ တနိုင်း၊ အောင်လော့၊ အင်ဂျန်းယန် အစရှိတဲ့ ဒေသတွေကနေ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာရတဲ့ ပြည်သူတွေက သုံးထောင်လောက်ရှိပြီး အခုချိန်ထိ တချို့ကတော့ တောတွေထဲမှာ ပိတ်မိနေတုန်း ဖြစ်ပါတယ်။
ဇွန်လ၉ရက်နေ့ဟာ ကချင်ပြည်နယ်မှာ တကျော့ပြန် စစ်ပွဲတွေဖြစ်တာ ခုနစ်နှစ်ပြည့်မြောက်ပီဖြစ်တာကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရှောင်သူတွေနဲ့ ဒေသခံတွေပေါင်းပြီး ဆုတောင်းပွဲတွေ လုပ်ခဲ့ပါတယ်။
ဒီပွဲကို လူပေါင်းထောင်ချီတက်ခဲ့တယ်လို့ ဆုတောင်းပွဲ ဦးဆောင် လုပ်သူတွေက ဆိုပြီး ဆုတောင်းပွဲကို အချိန်အကန့်အသတ်နဲ့ ခွင့်ပြုပေမယ့် လူငယ်တွေစုပြီး လုပ်မယ့် ပြဇာတ်ကို ခွင့်မပြုခဲ့ဘူးလို့ ဆုတောင်းပွဲလုပ်ရာမှာ ဦးဆောင်ခဲ့တဲ့ မဆိုင်းနုပန်က ဆိုပါတယ်။
ဘယ်လိုပဲ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြောဆိုတာတွေ ဆန္ဒပြတာတွေ လုပ်နေပေမယ့် အစိုးရဘက်က ဒီကိစ္စနဲ့ ပတ်သတ်လို့ ထုတ်ဖော်ပြောဆိုတာ မရှိတဲ့ အပြင် တိုင်းရင်းသားအရေးကို စိတ်ဝင်စားမှု မရှိဘူးလို့ ထင်ကြောင်း ဒေါ်နန်ပူက ပြောပါတယ်။
မူလပင်လုံစာချုပ် ကတိအဝတ်အရ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အမြန်ဆုံး တည်ဆောက်ဖို့ လိုတယ်လို့ တိုင်းရင်းသား အရေး တက်ကြွလှုပ်ရှားသူတွေက ပြောနေပါတယ်။