ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ပြန်လာနိုင်ရေး အစိုးရနဲ့ ကုလ လက်မှတ်ထိုး

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ,အစိုးရနဲ့ ကုလ လက်မှတ်ထိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတနေရာ

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် ပံ့ပိုးကူညီဖို့ မြန်မာအစိုးရ ၊ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့အကြား နားလည်မှု စာချွန်လွှာကို ဇွန်လ ၆ ရက် မနက်ပိုင်းက နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီစာချွန်လွှာအရတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ဆန္ဒ သဘောထားနဲ့ အညီ အန္တရာယ်ကင်းကင်းနဲ့ သိက္ခာရှိရှိ စဉ်ဆက်မပြတ် ပြန်လာနိုင်မယ့် အခြေအနေကောင်းတွေ ဖြစ်ပေါ်လာရေးနဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအဝန်း အားလုံးအတွက် ပိုမိုကောင်းမွန်ပြီး ရေရှည်ခံတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖန်တီးနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ဒီခြေလှမ်းဟာ ကုလသမဂ္ဂနဲ့ အစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက် နိုင်ရေး မူဘောင်တရပ်ချမှတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကနဦး ခြေလှမ်းဖြစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီမှု အတွက် ဌာနညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

အခုလို လက်မှတ်ရေးထိုးမှုကြောင့် နေရပ်စွန့်ခွာသူတွေ မိမိသဘောဆန္ဒအလျောက် ပြန်လာနိုင်ရေးနဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ ပိုမိုလျင်မြန်လာမယ်လို့ မျှော်လင့်ထားကြောင်း မြန်မာ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ၁၉၉၃ ခုနှစ်ကလည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ဖူးပြီး အဲဒီလက်မှတ်ထိုးပြီးနောက် နေရပ်စွန့်ခွာသူ ၂၃၀,၀၀၀ ခန့်ကို ပြန်လည်စိစစ် လက်ခံထားခဲ့တယ်လို့ အစိုးရဘက်က ဆိုပါတယ်။