ဘင်္ဂလားဒေ့ရှ် နယ်စပ် နေရပ်စွန့်ခွာသူ ၅ ဦး မြန်မာဘက်သို့ပြန်လာ

ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်း, ပြန်လာသူ ၅ ဦး, လဝက , နေရပ်စွန့်ခွာ

ဓာတ်ပုံ ရင်းမြစ်, Information Committee

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းပေါ်မှ မြန်မာပိုင်နက်အတွင်း ပြန်လာသူ ၅ ဦးကို လဝက အရာရှိတွေနဲ့အတူတွေ့ရစဉ်

မောင်တောဒေသကနေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့သူတွေထဲက မိသားစု ၅ ဦးဟာ ဧပြီလ ၁၃ ရက်နေ့က မောင်တောနယ်စပ် တောင်ပြိုလက်ဝဲစခန်းကို ပြန်လည်ရောက်ရှိလာတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒီလူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေအနက် ပထမဆုံးအကြိမ်အဖြစ် ပြန်လာခဲ့တဲ့ မွတ်ဆလင်တွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အထိ ထွက်ပြေးခဲ့တဲ့သူတွေမဟုတ်ဘဲ နှစ်နိုင်ငံနယ်စပ်မျဉ်းကို ရောက်ရှိနေခဲ့တဲ့ သူတွေထဲက ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

မိဘနှစ်ဦး သားသမီး နှစ်ဦးနဲ့ အိမ်အကူတဦးတို့ပါဝင်တဲ့ အဲဒီ ၅ ဦးအနက် မိဘနှစ်ပါးနဲ့ အိမ်အကူတို့ဟာ အန်ဗီကတ်နဲ့ ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေဖြစ်ပြီး အားလုံးဟာလည်း အိမ်ထောင်စု ဇယားတွေမှာ အမည်ပါဝင်ပြီးသားသူတွေဖြစ်တဲ့အတွက် လက်ခံရတာလို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

အကုန်လုံးက မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ဖူးသူတွေဖြစ်တဲ့အတွက် လက်ခံပေးရတာဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ ၅ ဦးကို တောင်ပြိုလက်ဝဲစခန်းမှာ နေရာချထားပေးပါတယ်။

အဲဒီ ၅ ဦးစလုံးဟာ မောင်တောမြို့နယ် တောင်ပြို လက်ယာ ဒေသက ဖြစ်ပါတယ်။

အစိုးရ သတင်းစာတွေရဲ့ ဖော်ပြချက်မှာတော့ သူတို့ ၅ ဦးစလုံးကို ကျန်းမာရေးစစ်ဆေးမှုတွေ ၊ ဆန် ခြင်ထောင် ၊ စောင်နဲ့ အဝတ်အစားအပြင် မီးဖိုချောင်သုံး ပစ္စည်းတွေပါ ထောက်ပံ့ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

သူတို့ကို လက်ခံရာမှာ ဘင်္ဂလီ ဒါမှ မဟုတ် ရိုဟင်ဂျာဆိုတဲ့ အမည်တွေနဲ့ လက်ခံပေးတာ မဟုတ်ဘဲ လူစာရင်းအရသာ လက်ခံပေးတာ ဖြစ်တယ်လို့ ဦးမြင့်ကြိုက်က ပြောပါတယ်။

သူတို့သွားခိုလှုံခဲ့တဲ့နေရာဟာ ချောင်းဖျားလိုနေရာတွေဖြစ်တော့ ရာသီဥတုကြမ်းပြီး မိုးများတဲ့ ဒေသလည်း ဖြစ်တဲ့အတွက် မိုးတွေရွာလာတော့မယ်ဆိုပြီး ထွက်ပြေးသူတွေ ပိုပြီးဝင်လာနိုင်မယ့်အခြေအနေတွေ ရှိတယ်လို့ မျှော်လင့်ရကြောင်းလည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

သူတို့အနေနဲ့ အဲဒီနယ်စပ်မျဉ်းတွေမှာ သွားနေတာဟာ အရင်က နိုင်ငံရေး ရည်ရွယ်ချက် တခုခုကြောင့် ဖြစ်နိုင်လို့လည်း ဦးမြင့်ကြိုင်က သုံးသပ်ပါတယ်။

လွန်ခဲ့တဲ့အပတ်ကပဲ လူမှု ကယ်ဆန်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

အဲဒီခရီးစဉ်ကြောင့်လည်း တဆင့်စကားတဆင့်နားနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေ ပြန်ဝင်လာနိုင်ခြေ ရှိနေတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။